မလှိုင် ၁ သြဂုတ်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် အိမ်ထောင်စုအလိုက် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူမှုမှာ ယနေ့ (သြဂုတ် ၁ ရက်) တွင် ၅၇ ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
“အိမ်ထောင်စုအလိုက် လူဦးရေစာရင်း အချက်အလက်များကောက်ယူခြင်းအတွက် ပထမဆုံအနေနဲ့ ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ သွားရောက်ပြီး လူဦးရေ စာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ သင်တန်းကို တတ်ရောက်ခဲ့ပါတယ်။
၅-၇- ၂၀၁၉ မှာ ရပ်ကျေးအဖွဲ့ ဖွဲ့စည်းပြီး လူဦးရေအချက်အလက်များ ကောက်ယူရေးဆင့်ပွားသင်တန်းကို ပို့ချပေးခဲ့ပါတယ်။ ပို့ချပြီးတော့ ဇူလိုင်လ ၁၅ရက်ကနေ စတင်ကောက်ယူခဲ့ပါတယ်။ မလှိုင်မြို့နယ်မှာ အိမ်ထောင်စုစာရင်းရှိအရ ၃၂၅၅၆ အိမ်ထောင်စုရှိပြီး သြဂုတ် ၁ ရက်နေ့အထိ ကောက်ယူပြီးစီးမှုက ၁၈၄၉၅ အိမ်ထောင်စု ကောက်ယူပြီး ဖြစ်၍ အိမ်ထောင်စုအားလုံး၏ (၅၇)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါတယ်” ဟု မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး စာရင်းကောက်ယူရေးလုပ်ငန်း အဖွဲ့ အတွင်းရေးမှူး ဦးအောင်ကျော်လွင်က ပြောကြားသည်။
မလှိုင်မြို့နယ်တွင် အိမ်ထောင်စုအလိုက် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူရာတွင် မြို့နယ်အဆင့်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ ဥက္ကဌအဖြစ်ပါဝင်သော အဖွဲ့ဝင် ၈ ဦး ဖြင့် စာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းကောက်ခံလျက်ရှိသည်။
မလှိုင်မြို့နယ်ရှိ ရပ်ကွက်ကျေးရွာ ၅၆ အုပ်စု၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ ရပ်ကျေးအဆင့်ဥက္ကဋ္ဌအဖြစ် ပါဝင်သော အဖွဲ့ဝင် ၆ ဦးပါသည့် စာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့များဖွဲ့စည်းကောက်ခံခြင်းဖြစ်ကာ မလှိုင်မြို့နယ်တွင် အိမ်ထောင်စုအလိုက် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူမှု(၅၇)ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဘိုဘို(မလှိုင်)


