နမ့်ခမ်း ၁ သြဂုတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့ ဇေယျသုခဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ သီတဂူစက္ခုဒါန ဆေးရုံတော်၌ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (အဂ္ဂမဟာပဏ္ဍိတ၊ ဗဟုဇနဟိတဓရမဟာဓမ္မ ကထိက)ဦးစီးသည့် မျက်စိအထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့သည် မျက်စိဝေဒနာရှင်များအား ဆဌမအကြိမ်မြောက် အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးခြင်းကို ဇူလိုင်လ (၂၈) ရက်နေ့မှ (၃၁) ရက်နေ့အထိ ပြုလုပ်ပေးခဲ့ရာ မျက်စိဝေဒနာရှင်(၇၉၂)ဦးကိုစမ်းသပ်စစ်ဆေးပေးပြီး (၁၆၂)ဦးကိုခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
မျက်စိခွဲလာရောက် စမ်းသပ်ခွဲစိတ်ကုသကြသော မျက်စိဝေဒနာရှင်များအား နေရာထိုင်ခင်း၊ စားသောက်ရေး၊အထွေထွေလိုအပ်သော ပြုစုစောင့်ရှောက်မှုများအတွက် အဆင်ပြေမှုရှိစေရန် နမ့်ခမ်းမြို့သီတဂူဆေးရုံတော်၊မြို့နယ်သံဃာ့နာယကဥက္ကဌ၊ ဇေယျသုခကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တဝိနယာစာရ(အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ)နှင့် ဆေးရုံတော်ကြီးကြပ်မှု ကော်မတီအဖွဲ့၊နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံမှကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ နမ့်ခမ်း၊ မူဆယ်၊ (၁၀၅) မိုင်မှပရဟိတလူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးပြီး ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာများရှိ စေတနာရှင်ပြည်သူများကအလှူငွေများ၊ လိုအပ်သောဆေးဝါးများ၊ မျက်မှန်များ၊ ထမင်းဗူးနှင့်သောက်ရေသန့်များ ကိုလှူဒါန်းခဲ့ကြသည်။
လာရောက်ကုသမှုခံယူကြသော မျက်စိဝေဒနာရှင်များတွင် နမ့်ခမ်းမြို့နယ်၊မူဆယ်မြို့နယ်၊ ပန်ဆိုင်း(ကြူကုတ်)၊ ၁၀၅မိုင်၊ နမ့်ဖတ်ကာ၊ ကချင်ပြည်နယ် မန့်ဝိန်းကြီးဒေသရှိ ပြည်သူများ၊ မြန်မာတရုတ်နယ်စပ်ရှိ ရဟန်းသံဃာများ၊သက်ကြီးရွယ်အိုနှင့် လူငယ်လူရွယ် မျက်စိဝေဒနာရှင်များ ပါဝင်ပြီး လိုအပ်သော မျက်စိကုသမှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဉာဏ်မင်း(နမ့်ခမ်း)


