မန္တလေး  ၁  သြဂုတ် 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်သည် ဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနမှူးများနှင့်အတူ ဇူလိုင် ၃၁ ရက် ညနေ ၅နာရီခွဲက ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးစက်မှုဇုန် ကနောင်မင်းသားကြီးလမ်းအနီး ၅၁လမ်းရှိ သားရေနယ်လုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ရေဆိုးများကို ပြန်လည်သန့်စင်သည့် ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ပြီးစီးမှုအခြေအနေကို သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

သားရေနယ်လုပ်ငန်းများက ထွက်ရှိသည့် ရေဆိုးတွေကြောင့် အနံ့အသက်များ ဆိုးရွားကာ ပတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ်ပေါ်လာခြင်းကြောင့် အဆိုပါစက်ရုံတည်ဆောက်ခြင်းဖြစ်ကြောင်း စက်ရုံတည်ဆောက်ခြင်းအတွက် စုစုပေါင်းကုန်ကျစရိတ် ငွေကျပ်သိန်းငါးထောင်ကို လုပ်ငန်းရှင် ၂၆ ဦးမှ ထည့်ဝင်ငွေ ၃၅ ရာခိုင်နှုန်းနှင့် ဒိန်းမတ်နိုင်ငံက ကူညီထောက်ပံ့ငွေ ၆၅ ရာခိုင်နှုန်း Responsible Business Fund(RBF) Denmark တို့ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း မြို့တော်ဝန်က ရှင်းလင်းပြောကြားသည်။

တည်ဆောက်ရေးကာလ ခြောက်လကြာမြင့်ခဲ့ပြီး ပုဂ္ဂလိကလုပ်ငန်းတွေကို ကူညီထောက်ပံ့ပေးခြင်းဖြစ်ပြီး နောင်မှာအခြားလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

မြို့တော်ဝန်နှင့်အဖွဲ့သည် အဆိုပါစက်ရုံအတွင်း စက်စွမ်းအားပြည့် လည်ပတ်မှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီတာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။

ထို့နောက် ရေဆိုးစုကန်များအတွင်း သားရေနယ်လုပ်ငန်းများမှ စွန့်ပစ်လိုက်သည့် ရေဆိုးများကို ကန်အဆင့်ဆင့်ဖြင့် သန့်စင်မှုလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုကြသည်။ 

အဆိုပါ ကန်များတွင် စွန့်ပစ်ရေဆိုးများကို Anaerobic Digester (အောက်စီဂျင်မဲ့ ချေဖျက်ခြင်း)နှင့် Aerobic Digester နည်းလမ်း (၂) မျိုးလုံးဖြင့် မွေးထားသည့် ပိုးများရှင်သန်စေရန် ရေဆိုး၏ ပြင်းအားကို Ph 9 မှ 7 ပတ်ဝန်းကျင်ရောက်ရှိစေအောင် Alum (ကျောက်ချဉ်) ထည့်၍ ဆောင်ရွက်ထားပြီး အဆိုပါ မွေးထားသည့်ပိုးများ ပြင်ပထွက်သွားပါက အန္တရာယ်မဖြစ်စေရန် Chlorination (ဓာတ်ငွေ့ဖြင့် ရောဂါပိုးမွှားကင်းစေခြင်း) နည်းဖြင့် ထပ်မံဆောင်ရွက်ထားပြီး စက်ရုံအပြည့်အဝလည်ပတ်နိုင်ပါက ရေဆိုးပြင်းအား BODY 50 mg/L အထိလျှော့ချပေးနိုင်မည်ဖြစ်ကြောင်းနှင့် စက်ရုံမှ ထွက်ရှိလာမည့် ဘေးထွက်ပစ္စည်း Methane gas (မီသိန်းဓာတ်ငွေ့)ကို Tank နှင့် စုထားပြီး လျှပ်စစ်ထုတ်လုပ်နိုင်သည်အထိ လျာထားဆောင်ရွက်ထားသည့်အပြင် စက်ရုံများအတွက် လောင်စာအနေနှင့်ပါအသုံးပြူနိုင်ကြောင်း ကုမ္ပဏီမှ ဆရာဦးခင်မောင်ဝင်းက ပြောသည်။

အောင်စံမောင်