တံတားဦး ၁ သြဂုတ်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင်  လူဦးရေစာရင်း အချက်အလက်များကို ဇူလိုင်လ(၁၅)ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ကောက်ယူနေကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါ စာရင်းကောက်ယူရာတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများ၊ စာရေးဝန်ထမ်းများ၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် ရာအိမ်မှူးများက အဖွဲ့ငယ်များခွဲ၍ ကောက်ယူနေကြောင်း ထိုသို့ကောက်ယူခြင်းသည် ၂၀၁၉-ခုနှစ်ကို မဲဆန္ဒရှင်စာရင်း ပြုစုသည့်နှစ်အဖြစ် သတ်မှတ်ဆောင်ရွက် ထားပါကြောင်း ဒါ့အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်း မဲစာရင်းတွင် ပါဝင်ခြင်းဖြင့် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေးနှင့် လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်း ၊ အခြေခံ မဲဆန္ဒရှင်စာရင်းပြုစုဖြစ်ကြောင်း မကြာမီရောက်ရှိတော့မည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း ပါဝင်မဲပေးနိုင်ရေးအတွက် လူဦးရေစာရင်း အချက်အလက်များ တိကျခိုင်မာအောင် စနစ်တကျ ကောက်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမောင်မောင်သိန်းက ပြောကြားသည်။

တံတားဦးမြို့နယ်အနေဖြင့် လူဦးရေစာရင်း အချက်အလက်များကောက်ယူရေးအဖွဲ့ငယ် စနစ်တကျ ကောက်ယူနိုင်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပြီး လူဦးရေစာရင်း အချက်အလက်များကောက်ယူခြင်းကို (၁)လကြာ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိ ရသည် ။

ရဲတင့် (ပြန်/ဆက်)