နေပြည်တော်  ၁ ဩဂုတ် 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ Proactive Beneficiary Engagement (PBE) ယန္တရားအား CPU Toolkit အဖြစ် အသုံးပြုနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပခဲ့သည်။

 

32

 

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းက မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး (CPU) အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ရန် ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ပြည်ထောင်စု ဝန်ကြီးဌာန /အဖွဲ့အစည်း(၁၈)ခုနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးတို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ 

ယနေ့ဖွင့်လှစ်သည့်သင်တန်းမှာ ကမ္ဘာ့ဘဏ်အုပ်စု၏ နည်းပညာ အကူအညီဖြင့် ICT နည်းပညာကို အခြေခံရေးဆွဲထားသည့် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ Proactive Beneficiary Engagement (PBE) ယန္တရားတစ်ခုကို CPU Toolkit အဖြစ် အသုံးပြုနိုင်ရန် ပို့ချပေးသည့် နည်းပညာဆိုင်ရာသင်တန်းဖြစ်ပါကြောင်း၊ အဆိုပါ ယန္တရားသည် အသေးစားအဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် များစွာအသုံးဝင်မည်ဖြစ်ပြီး CPU အဖွဲ့ဝင်များနှင့် ဝန်ဆောင်မှုရယူသည့် ပြည်သူတစ်ဦးချင်းစီသို့ တိုက်ရိုက်ချိတ်ဆက်ပေးပြီး၊ ဝန်ဆောင်မှုရယူစဉ် တွေ့ကြုံခဲ့ရသည့် ပြည်သူလူထု၏ တုံ့ပြန်အကြုံပြုချက်များအား ရယူနိုင်သည့် နည်းလမ်းလည်း ဖြစ်ပါကြောင်း၊ 

ဝန်ကြီးဌာနများမှ ပြည်သူများကို ဝန်ဆောင်မှုပေးရာတွင် အဂတိလိုက်စားခြင်း ရှိ/မရှိ၊ ပြည်သူများအနေဖြင့် မိမိတို့ရရှိခဲ့သည့် ဝန်ဆောင်မှုများကို ကျေနပ်မှုရှိ/မရှိ၊ ပြည်သူလူထုသို့ အသိပေးပြောကြားလိုသော သတင်းအချက်အလက်များကို ပြည်သူများ၏ တယ်လီဖုန်းသို့ တိုက်ရိုက် SMS ပေးပို့ပြီး မေးမြန်းခြင်းဖြစ်၍ ဝန်ဆောင်မှုအမျိုးအစားများအလိုက် ကိုက်ညီစွာ မေးမြန်းရန်သာလိုပါကြောင်း၊ အဂတိလိုက်စားမှုများ ဖြစ်ပွားစေသည့် အကြောင်းအရင်းများ လျော့ပါးသွားအောင် ဆောင်ရွက်ရသည့်နည်းလမ်းဖြစ်၍ ပြည်သူအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန်နှင့် ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများအနေဖြင့်လည်း ဖြောင့်မတ်တည်ကြည်မှု ရှိရန် အလွန်အရေးကြီးပါကြောင်း၊ ယခုပို့ချသည့် နည်းပညာကို ထိထိရောက်ရောက် အသုံးချခြင်းအားဖြင့် အသေးစားအဂတိလိုက်စားမှုများကြောင့် နှစ်ကာလများစွာက ကျဆင်းစေခဲ့သည့် အစိုးရဌာနများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ ဂုဏ်သိက္ခာနှင့် ဆုံးရှုံးခဲ့ရသည့် ယုံကြည်မှုများကို ကောင်းစွာ တိုက်ဖျက်သွားနိုင်မည် ဖြစ်ပါကြောင်းနှင့် သင်တန်းသို့ တက်ရောက်လာသည့် CPU အဖွဲ့များ အနေဖြင့်လည်း မိမိတို့၏ ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် CPU အဖွဲ့များအနေဖြင့် CPU Toolkit လက်သုံးကိရိယာကို အကြိမ်များများ အသုံးပြုခြင်းဖြင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပြည်သူများ ထိတွေ့မှုများလေ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ထိရောက်မှုရှိလေ ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံဆိုင်ရာရုံး၏ ကမ္ဘာ့ဘဏ်မှ ကျွမ်းကျင်ပညာရှင်များက ICT နည်းပညာကို အခြေခံရေးဆွဲထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ Proactive Beneficiary Engagement Mechanism ကို အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် လက်သုံးကိရိယာအဖြစ် အသုံးပြုနိုင်ရေးအတွက် လက်တွေ့အသုံးပြုနည်းကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပြီး သင်တန်းသို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းထားသော ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း(၁၈)ခုနှင့် ကော်မရှင်ရုံးမှ သင်တန်းသားစုစုပေါင်း (၈၃)ဦး တက်ရောက်ကြကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။

MDN