ပူတာအို ၁ ဩဂုတ် 
 

ကချင်ပြည်နယ် ပူတာအိုမြို့ရှိ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးအတွင်း ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားဇီဝအရင်းအမြစ်သိပ္ပံဌာန(National Institute of  Biological Research) နှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းတည်ဆောက်နေသည့် ကိုရီးယားသုတေသန ဓာတ်ခွဲခန်း ဆောက်လုပ်ပြီးစီးမှုမှာ ဩဂုတ် ၁ ရက်ထိ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးအောင်မောင်းထံမှ သိရသည်။
 

ပူတာအိုဒေသမှ ထွက်ရှိသည့် ဆေးဥ၊ ဆေးမြစ်များ၊ သစ်ခွနှင့် သစ်ပင်များ အစရှိသည့် ကုန်ကြမ်းပစ္စည်းများကို ကုန်ကြမ်းအဖြစ် နိုင်ငံခြားသို့ တင်ပို့ရောင်းချခြင်းမပြုဘဲ ဒေသထွက်ကုန်ချောအဖြစ် ထုတ်လုပ်ရောင်းချရန် ရည်ရွယ်၍ ကိုရီးယားနိုင်ငံ ဇီဝအရင်းအမြစ်သိပ္ပံဌာနနှင့် မြန်မာနိုင်ငံသစ်တော ဦးစီးဌာနတို့ နှစ်နိုင်ငံပူးပေါင်း၍ သဘောတူစာချုပ်အရ ကိုရီးယား သုတေသန ဓာတ်ခွဲခန်းကို ပူတာအိုမြို့၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း တည်ဆောက်လျက်ရှိရာ ယခုအချိန်တွင် ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

1


 

၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားဇီဝအရင်းအမြစ်သိပ္ပံဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ နှစ်နိုင်ငံပူးပေါင်း၍ သဘောတူစာချုပ်အရ ကိုရီးယားနိုင်ငံမှ အဆောက်အဦ ကုန်ကျစရိတ်ကို ငွေကျပ်သိန်း ၁၁၈၀ တာဝန်ယူ၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ တင်ဒါအောင်မြင်ခဲ့သည့် ပူတာအိုနန်းတော် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူကာ အလျား ၄၅ ပေ၊ အနံ ၃၈ ပေ၊ အမြင့် ၁၈ ပေရှိ နှစ်ထပ်အဆောက်အဦကို ၂၀၁၉ ခုနှစ် မတ်လမှ စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အောက်တိုဘာလတွင် ပြီးစီးမည်ဖြစ်ကာ အဆိုပါအဆောက်အဦ ပြီးစီးသွားပါက ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ကုန်ချောလှိုင်လှိုင်ထုတ်နိုင်ပြီး ကုန်ကြမ်းစဉ်ဆက်မပြတ်ရရှိနိုင်ရေး စိုက်ပျိုးနည်းသင်တန်းများ ပို့ချပေးနိုင်ရန် ကိုရီးယားနိုင်ငံဇီဝအရင်းအမြစ်သိပ္ပံဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးထားကြောင်း ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးအောင်မောင်းထံမှ သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)