မကွေး ၁ သြဂုတ် 


မကွေးခရိုင်အတွင်းရှိ ပုဂံခေတ်လက်ရာ စေတီပုထိုးများနှင့် နံရံဆေးရေးပန်းချီများတည်ရှိရာ မြင်ကွန်းဒေသအား ပြည်တွင်းပြည်ပ ခရီးသွားများ လည်ပတ်လေ့လာစရာ ခရီးစဉ်ဒေသသစ်အဖြစ် လာမည့်ခရီးသွား ရာသီအမီ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါဒေသသည် ပုဂံခေတ်ကာလကတည်းက စည်ကားခဲ့သည့် မြို့တစ်မြို့ ဖြစ်ပြီး ကုန်ဘောင်ခေတ်နှောင်းပိုင်းတွင် မြင်ကွန်း မင်းသား အပိုင်စားခဲ့ရသည့် ဆိပ်ကမ်းမြို့အဖြစ် ကိုလိုနီခေတ်တိုင်အောင် လူသိများ ထင်ရှားလာခဲ့ရာ ယနေ့ထက်တိုင် ပုဂံခေတ်နှင့် ကုန်ဘောင်ခေတ်လက်ရာ စေတီပုထိုးပေါင်း ၆၀ ကျော် ကျန်ရှိနေပြီး ပုဂံခေတ်လက်ရာ စေတီပုထိုးပေါင်း ၂၇ ဆူနှင့်အတူ ရှင်အစ္စဂေါနဂူကျောင်း လေးမျက်နှာ ဘုရားများမှာ ထင်ရှားပြီး နံရံဆေးရေးပန်းချီများ မင်စာ၊ ကျောက်စာများနှင့် ပုဂံခေတ် ဗိသုကာလက်ရာ အဆောက်အုံများကို လေ့လာနိုင်မည်ဖြစ်သည်။

 

1


'' ဒီမြင်ကွန်းဒေသကို လက်ရှိမှာလည်း လာရောက်လေ့လာသူတွေ နည်းငယ်ရှိလာကြပြီး အဓိကအနေနဲ့ ရှင်အဇ္ဇဂေါဏ ဂူကျောင်းနဲ့ လေးမျက်နှာ ဘုရားကို လေ့လာသူ ပိုများတယ်။ ကျွန်တော်တို့ ဒေသမှာ ဒီလိုရှေးဟောင်း အမွေအနှစ်တွေ ရှိနေပေမယ့်လည်း လူသိနည်းနေသေးတဲ့အတွက် ပြည်တွင်းပြည်ပ ခရီးသွားတွေ ပိုမိုသိရှိအောင် ခရီးသွားကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး ခရီးစဉ်ဒေသသစ်အဖြစ် လာရောက်လေ့လာနိုင်အောင် လာမည့် ခရီးသွားရာသီအမီ ဆောင်ရွက်သွားမယ် ''ဟု မြင်ကွန်းဒေသခံတစ်ဦး ဖြစ်သူ ကိုဇော်လင်းက ပြောသည်။


လက်ရှိတွင် အဆိုပါမြင်ကွန်းဒေသရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့နိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ဒေသခံပြည်သူများမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး ပျက်စီးယိုယွင်းမှုများကိုလည်း ရှေးမူလက်ရာမပျက် ပြန်လည်ထိန်းသိမ်းပြုပြင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

 

1


''မကွေးဒေသမှာ ပုဂံခေတ်လက်ရာစေတီပုထိုးတွေကို ထူးထူးခြားခြား ဒီမြင်ကွန်းဒေသမှာတစ်ခုတစ်ဝေးတည်း လေ့လာနိုင်တယ်။ မြန်မာ့သမိုင်းကို စိတ်ဝင်စားကြတဲ့ သမိုင်သုတေသီတွေနဲ့ ဗိသုကာပညာကို လေ့လာနေကြသူတွေအတွက် သွားရောက်လေ့လာသင့်တဲ့နေရာတစ်ခုပါ။ ဒီဒေသမှာရှိတဲ့ ပုဂံခေတ်လက်ရာ စေတီပုထိုးတွေဟာ ပျက်စီးမှုမရှိဘဲ ကျန်ရစ်နေတဲ့အပြင် သဘာဝ ပတ်ဝန်းကျင်ကလည်း ယိုယွင်းမှုမရှိသေးတဲ့အတွက် ခရီးသွားပြည်သူတွေ သွားရောက်လေ့လာရင်း အနားယူအပန်းဖြေဖို့ ကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒီမှာ အထူးခြားဆုံးက ရှင်အစ္စဂေါနနဲ့ ဂူကျောင်းလည်း ရှိနေတယ်။ မကွေးမြို့ကနေလာရင် သိပ်မဝေးတဲ့ ခရီးအကွာအဝေးဖြစ်တဲ့အတွက် လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ် ''ဟု မကွေးတက္ကသိုလ် သမိုင်းဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာဒေါ်စန်းစန်းမြင့်က ပြောသည်။


အဆိုပါ မြင်ကွန်းဒေသသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး မကွေး-တောင်တွင်းကြီးကားလမ်းမှ ၂၃ မိုင်အကွာ မြင်ကွန်းလမ်းခွဲမှတစ်ဆင့် ခုနစ်မိုင်ခန့်အကွာတွင် တည်ရှိကြောင်း သိရသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)