ရန်ကုန် ၁ သြဂုတ်
ယခုနှစ်မိုးရာသီတွင် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှုနည်းပါးပြီး ရေလှောင်ပမာဏများမှာ ယခင်နှစ်ထက် လျော့နည်းသွားသည့်အတွက် မိုးစပါးစိုက်ဧကများအပေါ်တွင် ပျိုးထောင်ရေအပါအဝင် စိုက်ပျိုးရေကို အထူးခြိုးခြုံချွေတာ၍ ပေးဝေနိုင်ရန်လိုအပ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်လိုက်သည်။
စိုက်ပျိုးရေပေးဝေနိုင်ရန် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ရည်ရွယ်တည်ဆောက် ထိန်းသိမ်းထားသည့် ရေလှောင်တမံများတွင် ရေဝင်ရောက်မှုနည်းပါးပြီး ယခင်နှစ်ကာလတူပမာဏများနှင့် နှိုင်းယှဉ်လျှင် များစွာလျော့နည်းလျက်ရှိသောကြောင့် မိုးကောင်းသောက်ဧရိယာမဟုတ်သည့် ဒေသများတွင် မိုးစပါးစိုက်ပျိုးရေပေးဝေရမည့် ရေလှောင်တမံများအနေဖြင့် ခြိုးခြုံချွေတာပေးဝေရန် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ရေလှောင်ပမာဏလျော့နည်းသည့်အတွက် မိုးစပါးစိုက်ပျိုးရေကို ပြည့်စုံလုံလောက်စွာ ပေးဝေပြီးမှသာ နွေစပါးစိုက်ပျိုးရေအတွက် လျာထားစီမံသွားရမည်ဖြစ်ပြီး ယခုနှစ်တွင် တမံအတွင်းဝင်ရောက်သည့် ရေလှောင်ပမာဏ အပေါ်မူတည်၍ မိုးစပါးစိုက်ပျိုးရေပေးဝေခြင်းလုပ်ငန်းများကို မူလလျာထားဧကများအတိုင်း ပြည့်မီအောင် အလေအလွင့်မရှိ အနည်းဆုံးပမာဏဖြင့် ပေးဝေနိုင်ရန်အတွက် ကြိုတင်လျာထားတွက်ချက်ကာ စိုက်ခင်းအတွင်း ရေစီမံခန့်ခွဲမှုလုပ်ငန်းများကို အားထည့်ဆောင်ရွက်ကြရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။
မိုးစပါးစိုက်ပျိုးပြီးနောက် ကျန်ရှိသည့်သိုလှောင်ရေများဖြင့် နွေစပါးစိုက်ဧကများ လျာထားပေးဝေနိုင်ရေးအတွက်ကိုလည်း စီမံဆောင်ရွက်ထားကြရန် ဒေသအသီးသီးရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများကို အကြောင်းကြားထားကြောင်း ယင်းဌာနထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ သဖန်းဆိပ်ရေလှောင်တမံတွင် ရေလှောင်ပမာဏ ၅၀၉၉၉၆ ဧကပေရှိပြီး၊ စစ်ကိုင်းတိုင်း ရာဇဂြိုလ်ရေလှောင်တမံတွင် ရေလှောင်ပမာဏ ၅၃၂၃၅ ဧကပေ၊ ပဲခူးတိုင်း ရဲနွယ်ရေလှောင်တမံတွင် ၇၄၅၈၄၁ ဧကပေ၊ ပဲခူးတိုင်းခပေါင်းရေလှောင်တမံတွင် ၃၃၉၇၇၀ ဧကပေ၊ ပဲခူးတိုင်း ဖြူးချောင်းရေလှောင်တမံတွင် ၆၀၁၉၉၃ဧကပေ၊မကွေးတိုင်းဖြူးချောင်းရေလှောင်တမံတွင် ၆၀၁၉၉၃ ဧကပေ၊မကွေးတိုင်းမုန်းချောင်းရေလှောင်တမံတွင် ၆၄၆၂၆၈ ဧကပေ၊ မကွေးတိုင်း ကြီးအုံကြီးဝရေလှောင်တမံတွင် ၃၂၉၉၆၀ ဧကပေရှိကြောင်းဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနထံမှ သိရသည်။
ထို့ပြင် မကွေးတိုင်း မြစ်သာရေလှောင်တမံတွင် ၂၄၉၇၄၆ ဧကပေ၊ မန္တလေးတိုင်း ဆည်တော်ကြီး ရေလှောင်တမံတွင် ၁၆၄၅၄၀ ဧကပေ၊ မန္တလေးတိုင်း ကင်းတားရေလှောင်တမံတွင် ၁၉၄၅၅၆ ဧကပေ၊ နေပြည်တော်ပေါင်းလောင်းရေလှောင်တမံတွင် ၃၃၅၅၈၆ ဧကပေနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့ကြီးရေလှောင်တမံတွင် ၂၁၁၅၆၆ ဧကပေရှိကြောင်း ယင်းဌာနထံမှ သိရသည်။
သူရိန်ကျော်


