မြိတ် ၁ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ သမိုင်းဝင် ကန်တော်မင်္ဂလာရေကန် (ရေကန်ဘောင်)ပတ်လမ်း အရှည်ပေ ၃၇၀ဝ တွင် စေတနာရှင် အလှူရှင်များ လှူဒါန်းမှုဖြင့် LED မီးတိုင်များကို စည်ပင်သာယာရေး ကော်မတီမှ ဦးဆောင်၍ စိုက်ထူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
LED မီးလုံးမှာ 50 W မီးလုံးဖြစ်ပြီး မီးတိုင်တစ်တိုင်လျှင် မီးလုံး ၂ လုံး တပ်ဆင်လျက်ရှိသည်။ မီးတိုင်မှာ အောက်ခံကွန်ဂရစ်နှင့် သံတိုင်အမျိုးအစား မီးတိုင်များဖြစ်ပြီး လက်ရှိတွင် LED မီးလုံးကို တိုင် ၄၀ တွင် တပ်ဆင်ပြီးဖြစ်၍ ကျန်ရှိသော မီးလုံးများကို ဆက်လက်တပ်ဆင်လျက်ရှိသည်။
ရေကန်ပတ်လမ်းတစ်လျှောက်တွင် မီးတိုင်များကို ပေ ၃၀ ခြားတစ်တိုင် စိုက်ထူလျက်ရှိပြီး မီးတိုင် ၁၂၃ တိုင် စိုက်ထူသွားမည်ဖြစ်ကြောင်း၊ မီးကြိုးများကို မြေအောက်သွယ်တန်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး မီးကြိုး သွယ်တန်းမှုနှင့် မီးလုံးတပ်ဆင်ခြင်းကို မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီမှ တပ်ဆင်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ လက်ရှိအချိန်ထိ စေတနာရှင်အလှူရှင်များ လှူထားထားသည့် LED မီးတိုင် ၁၀ဝ ခန့် ရရှိထားပြီး မီးတိုင်တစ်တိုင်လျှင် တန်ဖိုးငွေ ရှစ်သောင်းကျပ်ရှိကြောင်း စည်ပင်သာယာရေးကော်မတီမှ သိရသည်။
“မီးလင်းရန်ကိစ္စနှင့်ပတ်သက်ပြီး မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီမှ တာဝန်ရှိတဲ့သူတွေကို အကူအညီ တောင်းထားပါတယ်။ အဓိကက ကန်ရဲ့ပတ်ပတ်လည်တွင် ညအချိန်မှာလည်းပဲ လင်းထိန်ပြီး မြို့သူမြို့သားများ နားနေတဲ့ နေရာလေးတစ်ခုဖြစ်စေရန်အတွက် ဆောင်ရွက်တာဖြစ်ပါတယ်။ ကန်ရဲ့ပတ်လည်မှာ မီးလင်းထိန်နေမယ်ဆိုရင် မည်သူမဆို လာရောက်အပန်းဖြေ အနားယူနိုင်အောင် ရည်ရွယ်ပြီး ဆောင်ရွက်တာပါ” ဟု စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကို က ပြောသည်။
ကန်တော် မင်္ဂလာရေကန်သည် နှစ်ပေါင်း(၂၀ဝ)သက်တမ်းရှိ သမိုင်းဝင်ရေကန်တစ်ခုဖြစ်ပြီး ရေကန် စိမ်းလန်းစိုပြေရေး၊ သာယာလှပရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့မိမြို့ဖများ၊ ပြည်သူများ၊ စည်ပင်သာယာရေးကော်မတီ၊ ဌာနဆိုင်ရာများ စုပေါင်း၍ ရေကန်တူးဖော်ရေး ကော်မတီနှင့် ဆပ်ကော်မတီ(၁၅)ခုဖွဲ့စည်းပြီး ၂၀၁၇ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ရေကန်တူးဖော်ဆောင်ရွက်ခဲ့ကြသည်။
ကန်တော်မင်္ဂလာ စိမ်းလန်းစိုပြေရေးနှင့်သန့်ရှင်းသာယာလှပရေး၊ ရေကန်နံဘေး ရေမြောင်းကောင်းမွန်ရေး၊ ပြည်သူများအနားယူအပန်းဖြေမည့် လျှောက်လမ်းနှင့် ရေကန်မြေထိန်းနံရံ ကျောက်တန်းစီခြင်း လုပ်ငန်းများအတွက် စည်ပင်သာယာရေး ကော်မတီမှ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ကူညီပံ့ပိုးပေးနိုင်ရေး တင်ပြတောင်းခံထားကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


