မြိတ် ၁ သြဂုတ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် တုံးဗျောကျေးရွာအုပ်စု ချောင်းဝပြင်ကျေးရွာတွင် ဇူလိုင်လ ၃၁ ရက် ညနေ ၄ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်သုံးလုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် ၁ လုံး အမိုးလန်ပျက်စီးခဲ့ရာ ၎င်းအိမ်များတွင် နေထိုင်ကြသူများမှ နီးစပ်ရာဆွေမျိုးများထံတွင် သွားရောက်နေထိုင်လျက်ရှိကြကြောင်း တုံးဗျောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်သူ ထံမှ သိရသည်။

လေဘေးသင့်ခဲ့ရ၍ နေအိမ်ပြိုကျ ပျက်စီးခဲ့သော အိမ်ထောင်စုများအား သြဂုတ်လ ၁ ရက် နံနက် ၁၁ နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးသည့် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


လေဘေးသင့်၍ နေအိမ်ပြိုကျခဲ့သော အိမ် ၃ လုံးအတွက် အိမ်ထောင်စုတစ်စုလျှင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း ၁၅ မျိုး အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ ငွေ ၁ သိန်းကျပ်စီ၊ လူစုစုပေါင်း ၉ ဦးအတွက် ဆန်ဖိုး ၁၈၉၀ဝ ကျပ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်း ၁၁ မျိုး၊ တစ်ကိုယ်ရေသုံးပစ္စည်း ၁ စုံ၊ အမျိုးသမီးသုံးပစ္စည်း ၁၁ )မျိုး၊ တာ ပေါ်လင် ၂ စုံစီ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့အတူ အမိုးလန်ပျက်စီးသည့် နေအိမ်အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်းဖိုး ငါးသောင်းနှင့် လူ ၇ ဦးအတွက် ဆန်ဖိုး ၁၄၇၀ဝ ကျပ်နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်း ၁၁ မျိုး၊ တာပေါ်လင် ၂ ပိုင်းတို့ကို တာဝန်ရှိသူများက ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)