ကော့သောင်း ၁ သြဂုတ်
ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၈၆ ဦး၊ အမျိုးသမီး ၁၆ ဦးနှင့် ကလေးငယ်တစ်ဦး ပါဝင်သော အလုပ်သမား ၁၀၃ ဦးကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းနယ်စပ်ဂိတ်သို့ ရေလမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနှင့် အထောက်အထားမဲ့နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံဆိုင်ရာ ဥပဒေများအရ အရေးယူခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
ပြန်လည်ရောက်ရှိလာသည့် ရွှေ့ပြောင်းအလုပ်သမားများကို ကော့သောင်းခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုလက်ခံကြပြီး ပြည်သူ့ကျန်းမာရေးဌာနမှ လိုအပ်သည့် ကျန်းမာရေးပြုစုရှောက်မှုများ ဆောင်ရွက်ပေးကာ ၎င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


