နေပြည်တော် ၁ ဩဂုတ်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော် လယ်ဝေးအားကစားကွင်း ဂျူဒိုခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တက်ရောက်ကြည့်ရှုအားပေးသည်။
ယနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား(-၆၀)ကီလိုတန်း၊ အမျိုးသား(-၈၁)ကီလိုတန်း၊ အမျိုးသမီး (-၅၇)ကီလိုတန်း၊ အမျိုးသမီး(-၆၃)ကီလိုတန်း၊ အမျိုးသမီး (-၇၀)ကီလိုတန်း၊ အမျိုးသမီး (-၇၁)ကီလိုတန်း၊ အမျိုးသမီး (+၇၈)ကီလိုတန်း၊ အမျိုးသား (+၁၀ဝ)ကီလိုတန်း၊ အမျိုးသမီး (-၇၈)ကီလိုတန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပသည်။
အဆိုပါ ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲများကို ဩဂုတ် ၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ ဂျူဒိုအားကစားနည်းကို စိတ်ပါဝင်စားသူများအနေဖြင့် နေပြည်တော် လယ်ဝေးအားကစားကွင်း ဂျူဒိုအားကစားခန်းမတွင်လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရသည်။
သတင်းစဉ်


