နေပြည်တော် ၁ သြဂုတ်
    

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ (၁၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
    

အစည်းအဝေးသို့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဦးစိုးဝင်း၊ ဦးဟန်ဇော်၊ ဦးအုန်းမောင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူးနှင့် ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ လုပ်ငန်းကော်မတီ (၅)ရပ်မှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
    

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ယနေ့ ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ (၁၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ပါကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် နိုင်ငံတော်သမ္မတရုံးက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၇၉/၂၀၁၆ ဖြင့် လုပ်ငန်းတာဝန် (၅)ရပ် ချမှတ်ကာ အဖွဲ့ဝင် (၂၀)ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်(၅)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဝန်ကြီး (၃)ဦးနှင့် အမြဲတမ်းအတွင်းဝန် (၂) ဦးတို့ ဦးဆောင်၍ လုပ်ငန်းကော်မတီ (၅)ရပ်ကို ဖွဲ့စည်းပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။ 
    

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ(၂၈)ရက်တွင် ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း (၄)ကြိမ်၊ ၂၀၁၈ ခုနှစ်အတွင်း (၃)ကြိမ်နှင့် ၂၀၁၉ ခုနှစ်တွင် ယခုအကြိမ်အပါအဝင် (၂)ကြိမ်၊ စုစုပေါင်း (၁၀)ကြိမ် ကျင်းပခဲ့ပါကြောင်း၊ ပထမအကြိမ်မှ နဝမအကြိမ်အထိ အစည်းအဝေးဆုံးဖြတ်ချက် စုစုပေါင်း (၇၇) ချက်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအချက် (၆၉) ချက်နှင့် ဆောင်ရွက်ဆဲ(၈)ချက် ရှိနေသည်ကိုတွေ့ရှိရပါကြောင်း၊ ဆောင်ရွက်ဆဲ(၈)ချက်ကိုလည်း အမြန်ပြီးပြတ်အောင် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများက အချိန်ကာလသတ်မှတ်၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
    

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ကုန်သွယ်မှုကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတွင်တည်ရှိပြီး အဆိုပါကုန်သွယ်မှုကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍသည် ၈၀ ရာခိုင်နှုန်းကျော် ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံကာ ၎င်းတို့၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအချိန်အထိ (၂၈)ကြိမ်တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံပွဲများတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ တင်ပြချက်စုစုပေါင်း (၃၅၃)ချက်ကိုလည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ အကြောင်းပြန်ကြားပေးခြင်းပြုလုပ်ပြီး ဖြစ်ပါကြောင်း။
    

အဆိုပါပြန်ကြားချက်များအနက် အချို့အချက်များသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်နေသည့်အတွက် အဆင့် ၂ ဆင့် / ၃ ဆင့်အထိ ဆောင်ရွက်ရမည်ဖြစ်သဖြင့် အချိန်ယူ၍ ဆောင်ရွက်ရမည့်လုပ်ငန်းများလည်း ပါဝင်ပါကြောင်း၊ ထို့အပြင် အချို့အချက်များသည် လုပ်ငန်းကော်မတီ ၅ ရပ်မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံကာ ဆွေးနွေးပွဲများ ပြုလုပ်၍ လုပ်ငန်းပြီးပြတ်သည်အထိ အဆင့်ဆင့်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မှုများသည် ထိုက်သင့်သလောက် အောင်မြင်မှုရရှိနေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးမှုကို များစွာအကျိုးသက်ရောက်နိုင်မည် ဖြစ်ပါကြောင်း။
    

မြန်မာနိုင်ငံ၏စီးပွားရေးကို အဟန့်အတားဖြစ်စေမည့်အချက်တစ်ချက်မှာ “တရားမဝင် ကုန်သွယ်မှုကဏ္ဍ” ဖြစ်ပါကြောင်း၊ “တရားမဝင်ကုန်သွယ်မှုကဏ္ဍ” အင်အားကြီးနေသည်နှင့်အမျှ “တရားဝင်လုပ်ကိုင်သည့်လုပ်ငန်းများ”ကို အဟန့်အတားဖြစ်စေပါကြောင်း၊ နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများဝင်ရောက်လာမှုကြောင့် "အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ" ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် တရားမဝင် ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ် နိုင်ရေးအတွက် "တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ" ကို နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၉ ခုနှစ်၊ ဇွန် ၂၅ ရက်တွင်  လုပ်ငန်းတာဝန် (၁၃) ရပ် ချမှတ်ကာ အဖွဲ့ဝင် (၄၀) ဦးဖြင့် ဖွဲ့စည်းပေးထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်(၉)ခုတွင် တရားမဝင်ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရေးအတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ ဖမ်းဆီးအရေးယူမှု (၆၆၉)ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁ ဒသမ ၈၂၈ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ပါကြောင်း။
    

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ နိုင်ငံတကာတွင် ဆောင်ရွက်သကဲ့သို့ အဆင်ပြေချောမွေ့စေရန်၊ မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ဆောင်နိုင်မှုအဆင့်များ တိုးတက်လာစေရန်နှင့် ဝန်ကြီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် "Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့"ကို လုပ်ငန်းတာဝန်(၁၂)ချက် ချမှတ်ကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်၍ (၁၄)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းအဖွဲ့အောက်တွင် ညွှန်းကိန်းတစ်ခုချင်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အထောက်အကူပြုအဖွဲ့(၁၀)ဖွဲ့ကို ထပ်မံဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ ကြိုးစားဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် အသိအမှတ်ပြုပါကြောင်း။ 
    

လာမည့် ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်မည့် Doing Business အစီရင်ခံစာအတွက် လိုအပ်သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် (Reform Action Plan) များကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ညွှန်းကိန်းများမှ ပြုပြင်ပြောင်းလဲမည့်အချက် (၃)ခု ဆောင်ရွက်သွားရန် သတ်မှတ်ညွှန်ကြားခဲ့သည့်အတွက် ယခုဆိုလျှင် သက်ဆိုင်ရာညွှန်းကိန်းများမှ ပြုပြင်ပြောင်းလဲမည့်အချက် စုစုပေါင်း (၄၀)ချက် တင်ပြလာပါကြောင်း၊ အဆိုပါပြုပြင်ပြောင်းလဲမည့် အချက်များကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းကာ အမြန်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
    

သို့မှသာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်ရေး၊ သိုလှောင်ရုံ ဆောက်လုပ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ချေးငွေရရှိရေး၊ အခွန်ပေးဆောင်ရေး စသည့် ကိစ္စရပ်များကို အချိန်တိုအတွင်း ကုန်ကျစရိတ်အနည်းဆုံးဖြင့် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် Ease of Doing Business Ranking တိုးတက်ရေးအတွက် ဆက်စပ်သည့်ဌာနများ အားလုံးအနေဖြင့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများကို ခေတ်အလိုက် လိုအပ်ချက်များနှင့်အညီ ပြုပြင်ပြောင်းလဲပြီး လုပ်ငန်းများလျင်မြန်ချောမွေ့စေရေးအတွက် ခေတ်မီနည်းစနစ်များကို အသုံးပြု၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားစေလိုပါကြောင်း။    


ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် Ease of Doing Business Ranking တိုးတက်စေရေးအတွက် ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ လုပ်ငန်းကော်မတီ(၅)ရပ်မှ တာဝန်ရှိသူများ၊ Ease of Doing Business Ranking တိုးတက်စေရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
    

ထို့နောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ဖြစ်ထွန်းလာရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်ပနိုင်ငံများသို့ စီးပွားရေးသံမှူးများ စေလွှတ်ထားရှိမှုအခြေအနေ၊ ပို့ကုန်ကဏ္ဍ တိုးမြှင့်ဆောင်ရွက်နေမှုအခြေအနေ၊ ရင်းနှီးမြုပ်နှံမှုများအပေါ် ဖြေလျှော့မှုဆိုင်ရာကိစ္စရပ်များနှင့် တရားမဝင် ကုန်ပစ္စည်းများဝင်ရောက်မှုမရှိစေရေး တားဆီးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
    

ယင်းနောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
    

ဆက်လက်၍  ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က "အခြေခံ လူသားအရင်းအမြစ်တည်ဆောက်ရေး လုပ်ငန်းကော်မတီ" နှင့် စပ်လျဉ်း၍ လည်းကောင်း၊  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက "ငွေကြေး ရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ" နှင့်စပ်လျဉ်း၍ လည်းကောင်း၊  ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က "ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်းကျင်တိုးတက်ကောင်းမွန်စေရေး လုပ်ငန်းကော်မတီ" နှင့်စပ်လျဉ်း၍ လည်းကောင်း၊  စီးပွားရေးနှင့် ကူးသန်းရေးဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးက "ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေးလုပ်ငန်းကော်မတီ" နှင့်စပ်လျဉ်း၍ လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က "စီးပွားရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများတွင် နိုင်ငံ၏အခန်းကဏ္ဍအား ပြန်လည်ရေးဆွဲရေး လုပ်ငန်းကော်မတီ" နှင့်စပ်လျဉ်း၍လည်းကောင်း လုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ ကြသည်။
    

ထို့နောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး  ဦးသန့်စင်မောင်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးအပိုင်းတွင် ပုဂ္ဂလိကကဏ္ဍမှ  ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊  ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများသို့ ဘဏ်ချေးငွေ ဆောင်ရွက်ပေး နေမှုအခြေအနေနှင့် အခွန်ကောက်ခံမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးနှင့်သက်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းနိုင်ရေးအတွက် ဥပဒေပိုင်းဆိုင်ရာ အကြံပြုချက်များကို ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က Ease of Doing Business Ranking ညွှန်းကိန်းများ တိုးတက်ရေးအတွက် ဝန်ကြီးဌာနအတွင်း ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလူသားအရင်းအမြစ် ပြုစုပျိုးထောင်မှုအခြေအနေများကိုလည်းကောင်း၊  ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် Financial Sector ၏ အရေးပါမှုနှင့် ချေးငွေများ ထုတ်ချေးပေးနေသည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ချေးငွေရရှိရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း အကြံပြုဆွေးနွေးကြသည်။ 
     

ယင်းနောက် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက Doing Business ၂၀၂၁ ခုနှစ် အစီရင်ခံစာအတွက် အညွှန်းကိန်းအလိုက် ဆောင်ရွက်မည့် ပြုပြင်ပြောင်းလဲမှုများနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
    

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။


ယင်းနောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။


သတင်းစဉ်

 

1