မုံရွာ ၂  သြဂုတ် 


စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ပြီး တိုင်းဒေသကြီးအဆင့် မိတ်ဖက်ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းပါဝင်ကာ ပြည်သူသို့ တိုက်ရိုက်ဝန်ဆောင်ပေးနေမှုများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉)နာရီမှ ညနေ(၄)နာအထိ မုံရွာမြို့နယ် စီမံခန့်ခွဲမှု ကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက “လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်သူများသို့ တိုက်ရိုက်ဝန်ဆောင်မှု ပေးလျက်ရှိသော အကြောင်းအရာများအား ပြည်သူများမှ သိရှိနားလည်လာစေရန် ရည်ရွယ်၍ ယခုအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်းနှင့် ဝန်ဆောင်ပေးနေမှုများအားလည်း ပြည်သူများမှ သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ရေး ပူးပေါင်းပါဝင် ကူညီကြစေကြောင်း” တိုက်တွန်းအမှာစကား ပြောကြားသည်။


ဆက်လက်၍ အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီးရုံးစိုက်ရာမြို့နှင့် ခရိုင်ရုံးစိုက်ရာ မြို့များအားလုံး ချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများ အနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးလုပ်ငန်း(ECCD)၊ ECI Services၊ ကလေးသူငယ်အခွင့်အရေးများ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်၊ အမျိုးသမီးအခွင့်အရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာများ Help Line မှ ဆောင်ရွက်နေမှုများ၊ သက်ကြီးရွယ်အိုဆိုင်ရာ အခွင့်အရေးများ၊ စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့နေမှုများနှင့် MCCT နှင့် လူမှုရေးပင်စင်တို့ကို ပရိုဂျက်တာဖြင့် အသေးစိတ်ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ သိရှိလိုသည့်မေးမြန်းမှုများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက ပြန်လည်ဖြည့်ဆွက်ရှင်းလင်းကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ရိုက်ကူးခဲ့ကြသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ တိုင်း/ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ တိုင်း/ခရိုင်ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းနှင့် အမျိုးသမီး ပြုစုစောင့်ရှောက်ရေး ကျောင်းတို့မှ တာဝန်ရှိသူများ၊ ဘိုးဘွားရိပ်သာများမှတာဝန်ခံများ၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများမှ တာဝန်ရှိသူများ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။


ထွန်းကိုကို(ယင်းမာပင်)