နမ္မတူ ၂ သြဂုတ်
လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်း (Public Talk)ကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာ၊ အားကစားရုံခန်းမ၌ ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစကားဝိုင်း၌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်လှိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးက အမှာစကား ပြောကြားခဲ့သည်။
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်က ဦးဆောင်ဆွေးနွေးပြောကြားရာတွင် ယနေ့စကားဝိုင်းသည် ကျေးလက်ဒေသဖွံ့ဖြိုးရေး စကားဝိုင်းဖြစ်သည်နှင့်အညီ မိမိတို့လွှတ်တော်ကဏ္ဍမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အဘက်ဘက်မှ လွှတ်တော်သို့ တင်ပြတောင်းခံပေးလျက်ရှိကြောင်း၊ ဆက်လက်၍လည်း ကျေးရွာအတွက် လိုအပ်သည့် ကိစ္စရပ်များကို ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ ပြည်သူများအနေဖြင်လည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးနိုင်ကြောင်း ပြောကြားပါသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်က ဌာနလုပ်ငန်းမျာ အကြောင်းကိုလည်းကောင်း၊ ဦးအုန်းမြင့်သိန်း (ဒု-အထွထွေမန်နေဂျာ) ဝင်းမြင့်မိုရ်စက်မှုကုမ္ပဏီမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းအား လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းဆိုင်လှိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ရေ၊ မီး၊ လမ်း၊ အသက်မွေးဝမ်းကျောင်း၊ မြစိမ်းရောင် စီမံကိန်းများအကြောင်းကိုလည်းကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ စိုင်းအောင်ဖြူဦးက ကျွဲ၊ နွာရောဂါများအကြောင်းနှင့် ကြိုတင်ကာကွယ်ရန် နည်းလမ်းများအကြောင်းအား လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမိုးက မွေး/တိုး၊ အိမ်ထောင်စုစာရင်းနှင့် ရွှေ့ပြောင်းသွားလာခွင့် မှတ်ပုံတင်ရေး အကြောင်းအရာအား လည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆမ်မန်းက သမဝါယမလုပ်ငန်း၏ ဆောင်ရွက်ပေးနေမှုအကြောင်းအား လည်းကောင်း၊ မြို့နယ် သစ်တောဦးစီးဌာနမှ မိမိဌာနလုပ်ငန်း အကြောင်းအရာများအား လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးနှင့် မှိုဆိပ်သင့်ခြင်း အကြောင်းအရာများအားလည်းကောင်း စသည့် ပြည်သူများသိသင်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ပြည်သူ့စကားဝိုင်းတွင် ဆွေးနွေးပြောကြားသူများနှင့် ပြည်သူများ အပြန်အလှန် ဆွေးနွေးပြောကြားကြကြောင်းနှင့် ဘော်တွင်းကျေးရွာအုပ်စုမှ ပြည်သူ (၁၀၃) ခန့် တက်ရောက် ဆွေးနွေးခဲ့ပြီး ညနေ (၄)နာရီခွဲတွင် အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လူမော်(ပြန်/ဆက်)


