ထန်းတပင် ၂   သြဂုတ်


ကျေးလက်ဒေသများတွင် ထင်းသုံးစွဲမှု လျော့ချရေး၊ သစ်တောပြုန်းတီးမှုများ ကာကွယ်နိုင်ရေးနှင့် ကာဗွန်ထုတ်လုပ်မှု လျော့ချရေးတို့အတွက် စွမ်းအားမြှင့်မီးဖိုအလုံး (၉)ထောင်ကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အတွင်းရှိ ကျေးရွာနေ ပြည်သူများထံသို့ သြဂုတ်လအတွင်း မှစတင်ကာ(အခမဲ့) ဖြန့်ဝေပေးသွားနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


စိုက်ပျိုးရေးဦးစီးဌာန၊ ကိုးရီယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ(KOICA)နှင့် ကိုရီးယားရာသီဥတု ပြောင်းလဲမှုဗဟိုဌာန (Korea Climate Change Center) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီးမရရှိသေးသည့် ထင်းအဓိက ထားသုံးစွဲနေရသော ကျေးရွာများကို (၆)နှစ် စီမံကိန်းဖြင့် စွမ်းအားမြှင့် မီးဖိုများကို ဖြန့်ဝေဆောင်ရွက်သွားပေးသွားမည်ဖြစ်ကာ စီမံကိန်း အရွယ်အစား Component of Project Activities (CPA)(၂၉)ခုလျာထားရှိပြီး(CPA)တစ်ခုတွင် အိမ်ထောင်စု(၁၈ဝဝဝ)စု ပါဝင်မည်ဖြစ်ကာ ထန်းတပင်မြို့နယ် အနေဖြင့် (ဝ.၅)CPA ဖြစ်၍ အိမ်ထောင်စု (၉ဝဝဝ)စုပါဝင်ကြောင်း သိရသည်။


ထန်းတပင်မြို့နယ်အတွင်း စွမ်းအားမြှင့်မီးဖိုဖြန့်ဝေရန် ကျေးရွာအုပ်စု၊ ကျေးရွာ/အိမ်ထောင်စုများ လျာထားရာတွင် မြို့နယ်လျှပ်စစ်ဓါတ်အားပေးရေး လုပ်ငန်း၏ လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာအုပ်စု (၃၅)ရှိ ကျေးရွာခွဲပေါင်း (၁၁၄) ရွာအပေါ် စိစစ်၍ သြဂုတ်လအတွင်းမှ စတင်ကာ အိမ်ထောင်စု ပေါင်း(၉)ထောင်တို့ကို စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်ထံမှ သိရသည်။


ဇင်မင်းထိုက်(ထန်းတပင်)