ဆော ၂ သြဂုတ်
ဂန့်ဂေါခရိုင် ဆောမြို့၌ ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၂ ရက်နေ့အထိ ခင်းကျင်းပြသ ရောင်းချပေးသည့် ဈေးရောင်းပွဲတော်တွင် စာအုပ်အရောင်း၌ ဝယ်ယူဖတ်ရူသူ စာပေဝါသနာရှင်များဖြင့် စည်ကားသိုက်မြိုက်စွာ တွေ့ရှိရသည်။
“ယခုဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း နှစ်ဆယ်ကျော်ရှိပါတယ်၊ စာအုပ်အရောင်းဆိုင်ဆိုလို့ ကျွန်တော် တစ်ဆိုင်တည်းရယ်ပါ၊ ဒီမှာကစာပေချစ်မြတ်နိုးသူဝါသနာရှင် ကလေး၊ လူငယ်၊ လူကြီး အရွယ်စုံတွေ့ရတယ် ပွဲတော်ရက်ညတိုင်း ဆိုင်မှာဖတ်ရူလေ့လာသူရော၊ ဝယ်ယူသူရော များတာတွေ့ရတော့ ကျွန်တော်အနေနဲ့ ဝမ်းသာပီတိဖြစိမိတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်အနေနဲ့ မိသားစုစားဝတ်နေရေးအတွက်သာမက ပြည်သူတွေကို စာဖတ်စေချင်တယ်၊ မြို့ပြနှင့်ကျေးလက်နေပြည်သူများ စာအုပ်စာစောင်ဖတ်ရူလေ့လာခြင်းအားဖြင့် အသိပညာဗဟုသုတပြည့်စုံစေရန်၊ ပြည်သူများအား စာအုပ်စာစောင်များဖတ်ရူသည့် အလေ့အထရရှိစေရန်၊ အသိအမြင်များ ကျယ်ပြန့်လာစေရန်၊ အတွေးအခေါ်မှန်ကန်လာစေရန်၊ ရပ်မှုရွာမှုကိစ္စနှင့် နိုင်ငံအကျိုးအတွက်ဆောင်ရွက်သည့် လုပ်ငန်းများတွင် အကျိုးရှိစွာပါဝင်လာတတ်စေရန်တို့ဖြင့် ယခုလိုပွဲတော်တွေမှာလှည့်လှယ်ရောင်းချနေတာပါ”ဟု ဆိုင်ရှင်ဉီးသန်းနိုင်က ပြောသည်။
“ကျွန်တော်တို့နယ်တွေမှာက စာအုပ်အရောင်းဆိုင်တွေမရှိဘူးလေ အခုဆိုရင်အင်တာနက်ပေါ်ရှိစာအုပ်များအား link မှတစ်ဆင့် download ပြုလုပ်ကာ အလွယ်တကူရရှိနိုင်ပြီဖြစ်ပေမဲ့ အင်တာနက်က download လုပ်ထားတဲ့စာအုပ်တွေက အပြင်မှာစာအုပ်ကိုင်ပြီး ဖတ်ရတာနဲ့မတူဘူး၊ downloadလုပ်ထားတဲ့စာအုပ်တွေဖတ်ရတာက ဖုန်း၊ ကွန်ပျူတာအသုံးပြုရတဲ့အတွက် အလင်းပြန်မှုတွေက ကြာတော့မျက်လုံးထိခိုက်လာတယ်၊ ဒါကြောင့်အခုလို စာအုပ်ဆိုင်တွေမှာ မိမိလိုချင်တဲ့စာအုပ်တွေကို မွှေနှောက်ရှာပြီးတော့ဝယ်ယူ ဖတ်ရူရတာပါ”ဟု လာရောက်ဝယ်ယူသူတစ်ဉီးက ပြောသည်။
အဆိုပါစာအုပ်ဆိုင်တွင် ပြသခင်းကျင်းရောင်းချပေးထားသော စာအုပ်များထဲမှ စာပေချစ်မြတ်နိုးသူဝယ်ယူသူများအနေဖြင့် သုတ/ရသ စာအုပ်များနှင့်ကျောင်းသားကျောင်းသူများအတွက် သင်ထောက်ကူစာအုပ်များ အများဆုံးဝယ်ယူ ဖတ်ရှုကြကြောင်း သိရသည်။
ဇော်မျိုးသန့်၊ဆော


