ရန်ကုန် ၂ သြဂုတ်


ကျပ်သိန်း ၃၀ဝ၀ နီးပါး ကုန်ကျမည့် YBS ယာဉ်ရပ်နားကွင်းကို လှိုင်သာယာမြို့နယ် တမာကုန်းတွင် တည်ဆောက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင် ကပြောသည်။ 


YBS ယာဉ်များ ရပ်နားနိုင်မည့် အဆိုပါ ယာဉ်ရပ်နားကွင်းကို လှိုင်သာယာမြို့နယ် တမာကုန်းရှိ မြေဧက ၁ ဒသမ ၈၃၆ ဧကပေါ်တွင် တင်ဒါအောင်မြင်ထားသည့်  ပြေအောင်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။


“ကျွန်တော်တို့ လျာထားချက်က အဲဒီဧရိယာ အပြင်မှာ ရပ်နေတဲ့ ကားအားလုံးကို ဒီဝင်းထဲကို ထည့်နိုင်အောင် လုပ်သလို အဲဒီဧရိယာမှာ ကျွန်တော်တို့က ဖြစ်နိုင်ရင် CNG ပံ့ပိုးမှုအတွက်ပါ လျာထားပြီးတော့ တည်ဆောက်နေပါတယ်၊ ဒါပေမယ့် အဲဒါကတော့ လျာထားချက်ပါ၊ ဒီဘက်က ယာဉ်ရပ်နားကွင်း တည်ဆောက်ရေးအတွက်က ပြေအောင်ကုမ္ပဏီက တင်ဒါအောင်ပြီးပါပြီ၊ မြေရှင်းနေပါပြီ၊ အဲဒီနားမှာရှိတဲ့ ကျွန်တော်တို့ ယာဉ်တွေအားလုံး အသုံးပြုနိုင်အောင် စီမံပါ့မယ်၊ အဲဒီအပြင် ပိုပြီးတော့ ယာဉ်ရပ်နားကွင်းကို မီပြီးတော့ ကျွန်တော်တို့ YBS လုပ်ငန်း တိုးတက်ရေးအတွက်ကိုလည်း ကျွန်တော်တို့ လျာထားပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးလှအောင် ကပြောသည်။ 


ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အနေဖြင့် ယခုနှစ်အတွက် လှိုင်သာယာမြို့နယ်တွင် YBS ယာဉ်ရပ်နားကွင်း တည်ဆောက်နေသည့်အပြင် ပုဇွန်တောင်မြို့နယ်တွင်လည်း ကျောင်းကား ယာဉ်ရပ်နားကွင်း တည်ဆောက်ရန် လျာထားဆောင်ရွက်နေကြောင်း သိရသည်။


ထို့ပြင် YRTA အနေဖြင့် YBS ယာဉ်ရပ်နားကွင်းများ ဆက်လက်တည်ဆောက်နိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်များတွင် မြေနေရာများ ရှာဖွေလျက်ရှိကြောင်း သိရသည်။


“YRTA အနေနဲ့က အစိုးရရဲ့ ဘတ်ဂျက်နဲ့ သွားတာမဟုတ်ဘူး၊ ကျွန်တော်တို့ YRTA ရဲ့ စီမံခန့်ခွဲမှုမှ ရရှိတဲ့ ငွေကိုပဲ အချိုးကျ ခွဲဝေပြီး  ဆောင်ရွက်ရတာဖြစ်ပါတယ်၊ ဒါ့ကြောင့်မလို့ အခု ဒဂုံတက္ကသိုလ်ရှေ့က ယာဉ်ရပ်နားကွင်းကြီးဆိုရင် သိန်းများစွာ ကုန်ပါတယ်၊ အဲတော့ YBPC မှာ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြေကို ရှယ်ယာထည့်ဝင်တယ်၊ YBPC ကနေဆောက်တယ်၊ ထောက်ကြန့်မှာရှိတဲ့ ယာဉ်ရပ်နားကွင်း YBPC က မြေဝယ်ပါတယ်၊ YBPC က တည်ဆောက်ပါတယ်၊ အဲဒီကုမ္ပဏီကြီးတွေ အနေနဲ့က လက်ရှိ အစိုးရကပါထားတဲ့အတွက် သူတို့က တည်ဆောက်နိုင်တယ်၊ ကျန်တဲ့အပိုင်းတွေမှာ ကျွန်တော်တို့ ဆက်လက်ပြီးတော့ မြေနေရာရှာခြင်း၊ ယာဉ်ရပ်နားကွင်း တည်ဆောက်ခြင်းကတော့ တဖြည်းဖြည်း သွားနေပါတယ်”ဟု ဦးလှအောင် ကပြောသည်။ 


ထိုသို့ YRTA အနေဖြင့် YBS ယာဉ်ရပ်နားကွင်းများ တည်ဆောက်ရန် မြေနေရာ အခက်အခဲရှိပြီး လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မြေဌားရမ်းကာ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။


“ယာဉ်ရပ်နားကွင်းရဲ့ အခက်အခဲက ကျွန်တော်တို့ YRTA အတွက် အခက်အခဲတစ်ခုပါ၊ အခု ရှင်းပြခဲ့တဲ့ ၁ ဒသမ ၈၃၆ ဧက ဆိုတဲ့ မြေက YCDC ကနေပြီးတော့ ကျွန်တော်တို့ YRTA အတွက် နှစ်စဉ်နှစ်စဉ် ဌားရမ်းပြီးသုံးစွဲတဲ့ မြေဖြစ်ပါတယ်၊ တကယ်တော့ မြေရဖို့ ကြိုးစားတိုင်း ကြိုးစားတိုင်း ဌာနဆိုင်ရာပိုင်မြေတွေမှာ ယာဉ်ရပ်နားကွင်း တည်ဆောက်ဖို့ လွှဲပြောင်းရရှိတာ ဒီနေ့ထိ မရှိသေးဘူး၊ YCDC မှာ အရင်တုန်းက မထသ ကာလထဲက ဌားရမ်းသုံးစွဲခဲ့တဲ့ မြေကြီးဖြစ်ပါတယ်၊ အဲဒီမြေကြီးမှာ ကျွန်တော်တို့က ကျွန်တော်တို့ အခုဆိုရင် ယာဉ်လိုင်းကုမ္ပဏီတွေက ယာဉ်ရပ်နားကွင်းလုပ်ဖို့ ရင်းနှီးမြှုပ်နှံမှု မတတ်နိုင်ရင် YRTA က ရင်းနှီးမြှုပ်နှံပေးမယ်၊ ပြီးရင် အဲဒါတွေကို ယာဉ်လိုင်းတွေကို ပြန်ပြီးထားဖို့အတွက် စီမံဆောင်ရွက်ပေးမယ်”ဟု ဦးလှအောင် ကပြောသည်။ 


လက်ရှိတွင် ယာဉ်ရပ်နားကွင်း မလုံလောက်သောကြောင့် YBS ယာဉ်များ လမ်းဘေးများတွင် ညအိပ်ရပ်နားနေရသောကြောင့် ယာဉ်တိုက်မှုများ၊ ယာဉ်ကြောကြပ်တည်းမှုများ ကြုံတွေ့နေရကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ထံမှ သိရသည်။


Nyein Nyein