နေပြည်တော်  ၂   သြဂုတ်

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် ရေစီမံခန့်ခွဲခြင်းနှင့် စက်မှုလယ်ယာဖွံ့ဖြိုးရေး အတွက် မြန်မာ-အီတလီနှစ်နိုင်ငံအကြား လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်း၌ ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးလှကျော်နှင့် အီတလီနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး Mrs. Alessandra Schiavo (မစ္စအလက်ဇန္ဒြားစခရီရာဗို)တို့က လက်မှတ် ရေးထိုးကြသည်။

 

mdn

 

အဆိုပါ နားလည်မှုစာချွန်လွှာအရ လယ်ယာကဏ္ဍတွင် ဆည်မြောင်းရေသွင်းခြင်း နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ရွှေလှံဗိုလ်မြစ်ရေတင်နှင့် မြေအောက်ရေလုပ်ငန်းဆိုင်ရာသင်တန်းကျောင်းတွင် ဆည်မြောင်း ဆိုင်ရာနည်းပညာစင်တာတည်ထောင်ခြင်း၊ စက်မှုလယ်ယာစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်ရှိအမှတ်(၆၁) စက်မှုလယ်ယာစခန်းတွင် စက်မှုလယ်ယာဆိုင်ရာနည်းပညာစင်တာ တည်ထောင်ခြင်းတို့တွင် အီတလီနိုင်ငံ၏ နည်းပညာ အထောက်အပံ့ဖြင့် စီမံကိန်းကာလ(၃)နှစ်တာအတွင်း ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်