နေပြည်တော် ၂ သြဂုတ်
ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal Periodic Review−UPR)ဆိုင်ရာ အစီရင်ခံစာပြုစုရေးလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက UPR အစီရင်ခံစာဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လမ်းညွှန်မှုနှင့်အညီမြန်မာနိုင်ငံ၏ အစီရင်ခံစာကို ပြုစုလျက်ရှိပါကြောင်း၊ အစီရင်ခံစာတွင်ပါဝင်ရမည့် အခန်းကဏ္ဍနှင့် အကြောင်းအရာများအလိုက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများက စာတမ်းများနှင့် အချက်အလက်များကို ပြုစုပေးပို့ခဲ့ပါကြောင်း၊ အဆိုပါ အချက်အလက်များကိုအခြေခံ၍ စာတမ်းပြုစုရေးကော်မတီက လေ့လာပြုစုခဲ့ပြီး အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီသို့ ဆက်လက်တင်ပြခဲ့ပါကြောင်း၊ အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီအနေဖြင့် တင်ပြလာသည့်မူကြမ်းအပေါ် စိစစ်တည်းဖြတ် ဖြည့်စွက်ပြီး ယနေ့အစည်းအဝေးတွင် အစီရင်ခံစာမူကြမ်းကိုတင်ပြထားပါကြောင်း၊
တက်ရောက်လာကြသူများက အဆိုပါမူကြမ်းအပေါ်လေ့လာ၍ ပြင်ဆင်ဖြည့်စွက်ရန်ရှိသည်များကို ညှိနှိုင်းဆွေးနွေးအကြံပြုပေးရန်ဖြစ်ပါကြောင်း၊ အကြံပြုဆွေးနွေးချက်များနှင့်အညီ ပြင်ဆင်ဖြည့်စွက်သည့်မူကြမ်းကို အမျိုးသားအဆင့်ကော်မတီသို့တင်ပြမည်ဖြစ်ပါကြောင်း၊ အစီရင်ခံစာ မူကြမ်းအပေါ် သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ဆွေးနွေးအကြံပြုချက်များရရှိရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပြည့်စုံကောင်းမွန်သည့် အစီရင်ခံစာတစ်ရပ် ပြုစုနိုင် ရေးအတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက မိမိတို့၏ ဖြစ်ပေါ်တိုးတက်မှုများကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်ပေးကြရန်လိုအပ်ပါကြောင်းနှင့် ဆောင်ရွက်သင့်သည်များကို အကြံပြု ဆွေးနွေးပေးကြရန် ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနအဖွဲ့အစည်းများက အစီရင်ခံစာ မူကြမ်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


