မန္တလေး ၂ သြဂုတ် 


ပြည်တွင်းမှ ထွက်ရှိသော ငှက်ပျောများမှာ အထွက်နှုန်း ကောင်းမွန်သော်လည်း  သုံးစွဲမှုနည်းပါး ခြင်းကြောင့် ဝါဆိုလပြည့်နောက်ပိုင်းတွင် ဈေးနှုန်းများ ကျဆင်းလာနေကြောင်း မြန်မာနိုင်ငံ ငှက်ပျောထုတ်လုပ်သူများအသင်း (မန္တလေးတိုင်းဒေသကြီး) ထံမှ သိရသည်။


''ဝါဆိုလပြည့်မတိုင်ခင်က ဖီးကြမ်းငှက်ပျောတစ်ဖီးကို ၁၄၀ဝ ကျပ်အထိ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ တစ်ဖီးကို ၈၀ဝ နဲ့ ၁၀ဝဝ ကြားမှာပဲ ရှိတော့တယ်။ ဒီလက နတ်ပွဲတွေ ကျင်းပတာကြောင့် ဈေးတက်မယ်လို့ ထင်ကြပေမယ့် သုံးစွဲမှုက ထင်သလောက် မများတော့ ဈေးကတက်မလာဘူး။ ဒါပေမယ့် မနှစ်ကဆိုရင် တစ်ဖီးကို ၅၀ဝ ကျပ်အထိ ကျဆင်းခဲ့ပေမယ့် ဒီနှစ်မှာ အဲဒီဈေးလောက် ကျဆင်းမှုမရှိတဲ့အတွက် တော်သေးတာပေါ့''ဟု အဆိုပါ အသင်းမှ ဦးသိန်းသန်းက ပြောသည်။


မြန်မာနိုင်ငံ၏ ငှက်ပျောဈေးကွက်မှာ ပြည်တွင်းစားသုံးမှု တစ်ခုတည်းကိုသာ အားကိုး လုပ်ဆောင်နေရခြင်း၊ နှစ်စဉ် ငှက်ပျောစိုက်ပျိုးမှု တိုးတက်လာသော်လည်း တိုးတက်လာသည့် အထွက်နှုန်းအပေါ် ရောင်းချနိုင်မှု အားနည်းခြင်းနှင့် အဆင့်မြင့် ထုတ်ကုန်များ ထုတ်လုပ်ကာ ပြည်ပသို့ တင်ပို့နိုင်ခြင်းမရှိသဖြင့် တစ်နှစ်ပတ်လုံး ဈေးကွက်တည်ငြိမ်မှု မရှိခြင်းဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် အဆိုပါဖြစ်စဉ်များ ဖြစ်ပေါ်နေခြင်းကြောင့် ငှက်ပျောအား တန်ဖိုးမြင့်ထုတ်ကုန် (GAP) နည်းစနစ်ဖြင့် ထုတ်လုပ်ရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်နေပြီး ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက်လည်း စီစဉ်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ငှက်ပျောအစုအဖွဲ့ထံမှ သိရသည်။


''ငှက်ပျောကို GAP စနစ်နဲ့ထုတ်လုပ်ဖို့ ဆွေးနွေးမှုတွေ လုပ်ထားပါတယ်။ အဆင့်မြင့် ထုတ်ကုန် အဖြစ် ဘယ်လိုထုတ်လုပ်မယ်ဆိုတာကိုလည်း အသင်းအဖွဲ့အနေနဲ့ ဆွေးနွေးနေတဲ့အပြင် ပြည်ပကို တင်ပို့နိုင်ဖို့ကိုလည်း လုပ်ဆောင်နေပါတယ်။ ပြည်ပတင်ပို့နိုင်ဖို့အတွက် အသိအမှတ်ပြု လက်မှတ် တွေ ရတဲ့အထိလည်း စိုက်ပျိုးနိုင်အောင် လုပ်ဆောင်သွာမယ်'' ဟု ၎င်းက ဆက်လက်ပြောဆိုသည်။


လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ငှက်ပျောများကို ၁၂ ဘီးယာဉ် ၁၀ စီးကျော်ဖြင့် ရန်ကုန်သို့ နေ့စဉ်တင်ပို့နေရသော်လည်း လက်ကျန် အရေအတွက်မှာ  များစွာ ကျန်ရှိ နေသေးသည့်အတွက် ငှက်ပျောဈေးနှုန်းမှာ မြင့်တက်လာနိုင်ဖွယ် မရှိသေးကြောင်း သိရသည်။


မန္တလေးတိုင်းဒေသကြီးအတွင်း၌ ငှက်ပျောစိုက်ဧက ၂ သိန်းဝန်းကျင်ခန့်ရှိကာ အဓိကအားဖြင့် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား စသည့် ဒေသများတွင် အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)

 

1