ဗန်းမော်   ၂  သြဂုတ်

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ရာသီတုပ်ကွေးရောဂါ A(H1N1)၊ သွေးလွန်တုပ်ကွေးရောဂါ (DHF) ကြိုတင်ကာကွယ်ရေးနှင့် ပညာပေးဆွေးနွေးခြင်း လုပ်ငန်းကို သြဂုတ် ၂ ရက် ညနေ ၃ နာရီက ဗန်းမော်ပြည်သူ့ ဆေးရုံကြီးရှိ ယခင်ကလေးကုသဆောင်၌ ကျင်းပခဲ့ရာ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ (၂၅၃) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

mdn

 

ဆွေးနွေးပွဲတွင် ဗန်းမော်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ မင်းဇော်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် ၂ဝ၁၉ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့အထိ စာရင်းအချက်အလက်အရ ဗန်းမော်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား သူ(၂၅)ဦး၊ မိုးမောက်မြို့နယ်၌ (၆)ဦး၊ မန်စီမြို့နယ်၌ (၂ဝ)ဦးနှင့် ရွှေကူမြို့နယ်၌ (၈)ဦး စုစုပေါင်း(၅၉)ဦး ဖြစ်ပွားခဲ့ကြောင်းနှင့် ဗန်းမော်ခရိုင်အတွင်း၌ ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ (၅)ဦးဖြစ်ပွားကြောင်း၊ ပြည်သူလူထုများအနေဖြင့် မိမိတို့ နေအိမ်ပတ်ဝန်းကျင်များ၌ အထိရောက်ဆုံး ရာသီတုပ်ကွေးရောဂါ ကာကွယ်ရန်နည်းလမ်းဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို လုပ်ဆောင်ပေးသင့်ကြောင်း ပြောကြားသည်။ 
    
ယင်းနောက် ဗန်းမော်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန် ဒေါက်တာ ဗညား(ဆေးပညာ)က ရာသီတုပ်ကွေရောဂါ  A(H1N1) အကြောင်းကိုလည်းကောင်း၊ ဗန်းမော်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန် ဒေါက်တာအေးမြသီတာအောင် (ကလေး)က သွေးလွန်တုပ်ကွေးရောဂါ (DHF) အကြောင်းကိုလည်းကောင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားရောဂါမှူး ဦးနေဝင်းက ခြင်နှင့်ပိုးလောက်လန်း နှိမ်နင်းရေးအကြောင်းကိုလည်းကောင်း အသီးသီး ပညာပေး ဟောပြောပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သျှမ်းကလေး(ဗန်းမော်)