ရန်ကုန် ၂ သြဂုတ် 


Golden Myanmar လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်စဉ် မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


ဖြစ်စဉ်မှာ ညနေ ၄ နာရီခွဲခန့်တွင် Golden Myanmar လေကြောင်းလိုင်းမှ Y5-506 / XY-AJM(ATR-72) လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့အဆင်း လေဆိပ်မီးသတ်ရုံးရှေ့ အရောက်တွင် ရာသီဥတုကြောင့် ရှေ့ဘီးကျိုးသွားခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားရာသို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်၊ အထွေထွေမန်နေဂျာ ဦးစိုးပိုင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့ ရောက်ရှိလာပြီး လေယာဉ်ဖြင့်လိုက်ပါလာသည့် ခရီးသည်များအား အရေးပေါ် ကယ်ဆယ်မှုလုပ်ငန်းများဆောင်ရွက်ပေးကာ လေဆိပ်အဆောင်တွင် ခေတ္တနေရာချထားပေးခဲ့သည်။
 

ယင်းလေယာဉ်တွင် မြန်မာ ၆၆ ဦး၊ နိုင်ငံခြားသားငါးဦး စုစုပေါင်း(၇၁)ဦးလိုက်ပါလာ ပြီး မတော်တဆဖြစ်ပွားသည့် လေယာဉ်အား ဖယ်ရှားနိုင်ရန် တာဝန်ရှိသူတို့က လေယာဉ်ကွင်းအား သုံးနာရီခန့် ပိတ်ခဲ့သည်။


“လေဆိပ်ကို ဆင်းတဲ့အချိန်မှာ လေနည်းနည်းတိုက်ပြီး Nose Wheel ကျိုးသွားတာပါ။ လေယာဉ်က ပြေးလမ်းကိုဆင်းပြီးမှဖြစ်တာ။ အဲဒီ့လေယာဉ်က ပြေးလမ်းမှာပိတ်နေတဲ့ အတွက် လေယာဉ်ကိုဆွဲဖို့ လေဆိပ်ကို သုံးနာရီလောက် ပိတ်ထားရမယ်။ လေယာဉ်ကို ကျွန်တော်တို့ ဆွဲဖို့လုပ်နေပါပြီ၊ တကယ်တော့ သုံးနာရီဆိုတာက သေချာအောင် ပိတ်ထားတာပါ။ ဒီမတော်တဆမှုမှာ ခရီးသည်တွေရော၊ဝန်ထမ်းတွေပါ ဘာမှမဖြစ်ပါဘူး” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင် က ပြောသည်။


“လေယာဉ်က လေဆိပ်ကို ဆင်းမယ်လို့ ကြေညာပြီးတော့ တော်တော်နဲ့ မဆင်းနိုင်ဘူး။ ရာသီဥတုကလည်း နည်းနည်းကြမ်းတယ်။ နောက်လေယာဉ်မယ်တွေက ဆင်းမယ်ဆိုပြီး ခါးပတ်တွေသေချာပတ်ခိုင်းထားတယ်။ လေယာဉ်ဆင်းတော့ နောက်ဘီးက အရင်ထိပြီး ရှေ့ဘီးထိတာကြတော့ နည်းနည်းကြမ်းပြီး ခုန်သွားတယ်။ ခရီးသည်တွေ လည်းလန့်ပြီး အသံတွေထွက်လာကြတယ်။ ပြီးတော့ လေယာဉ်က အနည်းငယ်စောင်းပြီး ရပ်သွားတယ်။ ပိုင်းလော့ကရှေ့ဘီးကျိုးသွားလားမသိဘူးလို့ပြောပြီး ဆင်းကြည့်ကြတယ်။ အဲအချိန်မှာ မီးသတ်ကားတွေ ရောက်လာတယ်။ ပြီးတော့ ကားနဲ့ ခရီးသည်တွေကို လာခေါ်ပြီး လေဆိပ်ကို ပို့ပေးခဲ့ပါတယ်။ ထိခိုက်မိတာတော့ မရှိပါဘူး”ဟု ယင်းလေယာဉ်တွင် လိုက်ပါလာသည့် ခရီးသည်တစ်ဦးက ပြောသည်။ 


အဆိုပါလေယာဉ်သည် မြစ်ကြီးနား - မန္တလေး - ရန်ကုန် ခရီးစဉ်ပျံသန်းသည့် လေယာဉ်ဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာမှ လေယာဉ်အား ညနေ ၆ နာရီတွင် Hanger အတွင်းသို့ဆွဲယူသွားခဲ့ကြောင်း သိရသည်။ 


(ဝန်းရံခ)