နေပြည်တော်   ၂   သြဂုတ်  

အိန္ဒိယသမ္မတနိုင်ငံ ဂယာမြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းတွင် မဟာဗောဓိစေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ဝါဆိုကြာသင်္ကန်းဆက်ကပ်လှူဒါန်း၍ ဖူးမြော်ကြည်ညိုကြသည်။ ထို့နောက် မဟာဗောဓိစေတီတော်ကြီး၏ အထက်ပစ္စယံတွင် တည်ထားကိုးကွယ်သည့် ဘုရားလောင်းရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မဟာဗောဓိဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒမုနိထံမှ  ဆုံးမသြဝါဒတရား နာယူကြသည်။

ယင်းနောက် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဘုရားပရိဝုဏ်အတွင်းရှိ မြတ်စွာဘုရားပွင့်တော်မူရာ မဟာဗောဓိညောင်ပင်နှင့် မဟာဗောဓိပင်၏ အနောက်မြောက်ထောင့်အရပ်ရှိ မြတ်စွာဘုရားပဋ္ဌာန်းတရားတော်ကို ၇ ရက်ပတ်လုံးဆင်ခြင်၍ ရောင်ခြည်တော် ကွန့်မြူးတော်မူခဲ့သည့် အထိမ်းအမှတ်နေရာ ရတနာဃရသတ္တဌာနရှိ ဗုဒ္ဓရုပ်ပွားတော်၊ မုစလိန္ဒအိုင်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်တို့အား ဖူးမြော်ကြည်ညို၍  ဗုဒ္ဓဂယာဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က မဟာဗောဓိစေတီတော်ကြီး အတွက် အလှူငွေများပေးအပ်လှူဒါန်းရာ မဟာဗောဓိဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော်က ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

 

mdn

 

ယင်းနောက် ဂယာမြို့အတွင်းရှိ မဟာဗောဓိဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ မဟာအောင်မြေကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသီလဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က မဟာဗောဓိဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒမုနိအား ဝါဆိုသင်္ကန်း၊ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ တပ်မတော်အရာရှိကြီးများကလည်း ဂယာမြို့တွင် ရောက်ရှိသီတင်းသုံးနေကြသော သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ ဂယာမြို့ရှိ စာသင်သားသံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး  သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ဗီဟာပြည်နယ်၊ ဗုဒ္ဓဂယာမြို့၊ ဥရုဝေလတောစခန်းရိပ်သာနှင့် ဗုဒ္ဓဂယာမြို့မှ ကီလိုမီတာ ၉၀ ခန့်အကွာတွင် တည်ရှိသည့် ရာဇဂြိုဟ်သို့ သွားရောက်၍ မြတ်စွာဘုရားရှင်လက်ထက် ရှေးခေတ်ကုန်သည်ကြီးများ သွားလာအသုံးပြုခဲ့သည့် ကျောက်သားလှည်း လမ်းကြောင်းရာနေရာ၊ သမားတော်ကြီးဇီဝက၏ သရက်ဥယျာဉ် နေရာ၊ ဗိမ္ပိသာရမင်းကြီး၏ အကျဉ်းထောင်နေရာနှင့် ဘဏ္ဍာတိုက်နေရာ၊ အဇာတသတ် မင်းကြီး၏ ဓာတ်တော်တိုက်နေရာနှင့် မြတ်စွာဘုရားရှင် သီတင်းသုံးနေထိုင်ခဲ့ပြီး တရားဘာဝနာများ မြွက်ကြားတော်မူခဲ့သည့် ဝေဠုဝန်ကျောင်းတိုက်နေရာများသို့ သွားရောက် ကြည်ညိုလေ့လာခဲ့ကြရာ မဟာဗောဓိဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော်ကြီးက လိုက်လံရှင်းလင်းပြသခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဂယာမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာကြရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် သိန်းဇော်နှင့်ဇနီး၊ Officers Training Academy (Gaya) မှ  Brig. Gen. Niranjan Kumar နှင့်ဇနီး နှင့်တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

 

mdn

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်