နေပြည်တော်  ၂  ဩဂုတ် 
    

၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိခန်းမဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။
    

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယကဦးတီခွန်မြတ်က ယနေ့ကျင်းပသည့် အစည်းအဝေးသည်လာမည့် စက်တင်ဘာ (၁၅)ရက်တွင် ပြုလုပ်မည့် ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းသည့် အစည်းအဝေး ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို လွှတ်တော်များအနေဖြင့် ၂၀၁၁ ခုနှစ်မှစတင်၍ ကျင်းပခဲ့သည်မှာ ယခုနှစ်တွင် (၉)ကြိမ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ယခုနှစ်ကျင်းပမည့် ဒီမိုကရေစီနေ့ အခမ်းအနားကို အနှစ်သာရရှိရှိ စည်ကားစွာ ကျင်းပသွားရန် မိမိတို့ ရည်ရွယ်ထားပါကြောင်း၊ ယခုနှစ်သည် Inter-Parliamentary Union (IPU)၏ နှစ်(၁၃၀)ပြည့်နှင့် တိုက်ဆိုင်နေသည့်အတွက် အထိမ်းအမှတ် အစီအစဉ်ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် တစ်ပါတည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုစေလိုကြောင်း ပြောကြားသည်။
    

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယခုနှစ်တွင် ထူးခြားသည်မှာ Inter-Parliamentary Union (IPU)၏ နှစ်(၁၃၀)ပြည့် အစီအစဉ်ကိုပါ ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည့်အတွက် ဒီမိုကရေးစီနေ့အခမ်းအနားကို ယခင်နှစ်ထက် ပိုမိုပြီး စည်စည်ကားကား ကျင်းပနိုင်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရမည့် အချိန်ကာလနည်းသော်လည်း အချိန်တိုအတွင်း အောင်အောင်မြင်မြင် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ လွှတ်တော်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်မည်ဟုယုံကြည်ပါကြောင်း ပြောကြားသည်။
    

ထို့နောက် ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်တို့ကဒီမိုကရေစီနေ့ ကျင်းပရေးအတွက် ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
    

ယင်းနောက် ဒီမိုကရေစီနေ့ ကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်စိုးက ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရန် ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
    

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးကြသည်။
    

တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော် နာယကသုံးသပ်ဆွေးနွေးပြီး လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်သည်။


သတင်းစဉ်