နေပြည်တော် ၂ သြဂုတ်
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတအိမ်တော် သတင်းစာရှင်းလင်း ခန်းမ၌ ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က “ ပထမဆုံးပြောချင်တာက မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်ရဲ့ တူရကီခရီးစဉ်မှာ မီဒီယာတွေနဲ့ တွေ့ဆုံတဲ့အခါ မြန်မာနိုင်ငံအစိုးရအနေနဲ့ ရခိုင်ပြည်နယ် က နေရပ်စွန့်ခွာသူတွေကို နိုင်ငံသားပေးသင့်တယ်၊ နိုင်ငံသားမပေးရင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ပေးသင့်တယ်၊ မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက် လူမျိုးတုန်း သတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ပြောကြားခဲ့တဲအပေါ်မှာ အစိုးရရဲ့သဘောထားက အာဆီယံမှာ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေး မူဝါဒရှိပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့နယ်မြေတည်တံ့မှုကို လေးစားလိုက်နာရမယ်ဆိုတဲ့ အာဆီယံ မူတွေ ရှိပါတယ်။ အာဆီယံရဲ့ပဋိညာဉ်မှာပါတဲ့ မူတွေနဲ့လည်း သွေဖည်နေတယ် ဆိုတာ တွေ့ရပါတယ်။
“နံပတ် ၂ အချက်က ရခိုင်ပြည်နယ်အရေးကိစ္စအတွက် ကျွန်တော်တို့ နိုင်ငံအစိုးရနဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်နေမှုတွေ အများကြီးရှိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်နေမှုကို အထောက်အကူမပြုတဲ့အပြင် ဒီပူးပေါင်းဆောင်ရွက်နေမှုတွေ အပေါ်ပိုပြီး ယုတ်လျော့အောင် ထိခိုက်စေတဲ့ အနေအထားတွေ့ပါတယ်။ ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသွားတဲ့ သူတွေအတွက်မြန်မာနိုင်ငံအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေ အပေါ်မှာလည်း ထိခိုက် မှုရှိနိုင်ပါ တယ်။
“ နံပတ် ၃ အချက်က အာဆီယံအတွင်း ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံ အတွင်းစည်းလုံးညီညွတ်မှုတွေ ထိခိုက်ပါတယ်။ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေအပေါ် မှာ ဝေဖန် ပြောဆိုတဲ့ ဒီလိုအနေအထားမျိုးကို ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ လုံးဝလက်မခံပါဘူး။ အဲဒါကို ကျွန်တော်တို့ကန့်ကွက်ပါတယ်။ ကန့်ကွက်တာကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက မလေးရှားသံအမတ်ကြီးကို ခေါ်ပြီး ဒီကိစ္စတွ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။
“ဒုတိယအကြောင်းအရာအနေနဲ့ မြန်မာနိုင်ငံက ဂြိဟ်တုလွှတ်တင်တဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီကိစ္စကိုအဆင့် ၃ ဆင့်နဲ့ ဆောင်ရွက်နေတယ်ဆိုတာကိုရှင်းပြချင်ပါတယ်။
“ပထမအဆင့်ကတော့ လက်ရှိအခြားနိုင်ငံကပိုင်တာကို ကျွန်တော်တို့နိုင်ငံက ငွေကြေးနဲ့ငှားပြီး လက်ရှိမှာ Myanmar Sat – 1 ဂြိဟ်တုငှားရမ်းသုံးစွဲနေတာ ဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ အချိုးကျ ပူးတွဲပိုင်ဆိုင်တဲ့ စနစ်ဖြစ်ပြီး ဒီစနစ်ကို အကောင်အထည်ဖော်ဖို့အတွက် ၂၀၁၉ ခုနှစ် သြဂုတ်လ ၇ ရက်ကစပြီး ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းလွှတ်တင်တာ ဖြစ်ပါတယ်။ ကုန်ကျ ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းဖြစ်ပါတယ်။ အဲဒီငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ၂၀၁၈ ခုနှစ် ၆ လဘတ်ဂျက်မှာ နှစ်ကြိမ်ပေးချေခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ၅၀ ရာခိုင်နှုန်းကို ၄ ကြိမ်ခွဲပြီး ပေးဖို့ဆောင်ရွက်လျက်ရှိပါတယ်။ လာမယ့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ နောက်ဆုံးကျန်တဲ့၂၀ ရာခိုင်နှုန်းကို နှစ်ကြိမ်ခွဲပြီး ပေးချေရမှာဖြစ်ပါတယ်။ ဒီဂြိုဟ်တုမှာ မြန်မာနိုင်ငံအနေနဲ့ အသုံးပြုနိုင်တဲ့ C – band လိုင်း အင်အားပေါင်း 432 MHz နဲ့ Ku – band လိုင်းအင်အားပေါင်း 432 MHz နဲ့ စုစုပေါင်း 864 MHz ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကိုလည်း ဂြိုဟ်တုငှားရမ်းခ နိုင်ငံခြားငွေ ပေးချေမှု သက်သာဖို့အတွက် ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ သစ်တော၊ နယ်စပ်နဲ့ အခြားဌာနတွေမှာ အကျိုးရှိအောင် အသုံးပြုသွားဖို့ဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေ ယခင်က ဂြိုဟ်တုငှားရမ်းနေရတဲ့ ဈေးနှုန်းထက် အများကြီး သက်သာပါတယ်။ စုစုပေါင်းလိုင်းအင်အား 864 MHz ဖြစ်ပြီး ဂြိုဟ်တုသက်တမ်း ၁၅ နှစ်ကာလဖြစ်ပါတယ်။ တတိယအဆင့်အနေနဲ့ မြန်မာနိုင်ငံက အလုံးစုံပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ဂြိုဟ်တုလွှတ်တင်ဖို့ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီအဆင့်ကို နည်းပညာ အတွေ့အကြုံကြွယ်ဝပြီး ကိုယ်ပိုင်ထိန်းချုပ်နိုင်တဲ့အချိန်နဲ့ အသုံးပြုမယ့် လိုင်းအင်အား ပိုပြီးများပြားလာတဲ့ အချိန်မှာကုန်ကျစရိတ် အသင့်အတင့်ရှိမယ့်ဂြိုဟ်တု လွှတ်တင်မှုကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နည်းပညာရဖို့အတွက်၊ နိုင်ငံတော်အတွက် လိုအပ်တဲ့ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ Earth Observation Micro – Satellite (EOS) အမျိုးအစားဂြိဟ်တုကို တည်ဆောက် လွှတ်တင်မှာဖြစ်ပါတယ်။ ကိုယ်ပိုင်ဂြိုဟ်တု တည်ဆောက် လွှတ်တင်ရေးအတွက် ဂျပန်နိုင်ငံ Hokkaido တက္ကသိုလ်နဲ့ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အဲဒါက ပထမ နှစ်နှစ်မှာ အမေရိကန်ဒေါ်လာ ၈ သန်းကျော်ကုန်ကျပါမယ်။ နောက် နှစ် နှစ်မှာ အမေရိကန်ဒေါ်လာ ၆ သန်းကျော်ကုန်ပါမယ်။ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်ကုန်မယ်လို့ မှန်းထားပါတယ်။ အခု Myanmar Sat – 2 အခုလွှတ်မယ့်ဂြိုဟ်တု က လာမယ့်သြဂုတ်လ ၇ ရက် နံနက် ၂ နာရီမှာ လွှတ်တင်သွားမှာဖြစ်ပြီး အမေရိကန်ဒေသစံတော်ချိန် သြဂုတ်လ ၆ ရက် ညနေ ၄ နာရီခွဲ ဖြစ်ပါတယ်။ မြောက်အတ္တလန္တိတ်ကမ်းခြေ အာရိယန် ဒုံးစခန်းကနေလွှတ်တင် သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
News Watch ဂျာနယ်မှ သတင်းထောက် ဦးမောင်မောင်ထွန်း ၏ သာသနာရေးဝန်ကြီးဌာန ဆိုင်ရာမေးခွန်း နှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က “ ဒီကိစ္စက ကျွန်တော်တို့ ဘာသာရေး သာသနာရေးနဲ့ဆက်နွယ်နေတဲ့ အဓိကကိစ္စဖြစ်ပါတယ်။ ပြောရရင် တကယ်လည်းအရေးကြီးပါတယ်။ အကဲဆတ်တယ်၊ ထိလွယ်ရှလွယ် ကိစ္စရပ်ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လည်း မီဒီယာတွေကို မေတ္တာရပ်ခံချင်ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ရေးသားကြတဲ့အခါ အထူးသတိထားဖို့ပေါ့။ ကျွန်တော်တို့မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင် အများစုဖြစ်တဲ့ သံဃာတော်ထု အတွင်းမှာ အပိုင်းပိုင်း သင်းကွဲစေတဲ့ဟာမျိုးတွေမဖြစ်အောင် သတိထားဖို့ ပထမဆုံးအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ နောက်တစ်ချက်ကတော့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်ဖြစ်ပါတယ်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ လက်ရှိနိုင်ငံ အတွင်းက အခြေအနေ၊ နိုင်ငံအတွင်းမှာရှိတဲ့ တည်ငြိမ်အေးချမ်းမှု၊ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေ ဒါတွေကို အားလုံးခြုံငုံသုံးသပ်ပြီး တာဝန်ယူ တာဝန်ခံမှုအပြည့်နဲ့ ဆောင်ရွက်သွားဖို့ပဲ ရှိပါတယ်။
“ဒုတိယမေးခွန်းကတော့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အိမ်မှာ မနေ့ညက ညစာစားတယ်။ ဒီညစာစားပွဲဟာ အရင်တုန်းကတည်းက စီစဉ်ထားတာဖြစ်ပါတယ်။ ဒီဟာက အကြောင်းအချိန်အခါ တိုက်ဆိုင်သွားတဲ့အတွက် မနေ့ကမှ စားဖြစ်တာဖြစ်ပါတယ်။ မနေ့ကမှ ချက်ချင်းစီစဉ်တဲ့ကိစ္စမဟုတ်ပါဘူး။ အရင်ကတည်းက ပြောထားတဲ့ညစာစားပွဲ ဖြစ်ပါတယ်။ ဘယ်ကနေ ညစာစားပွဲဖြစ်လာသလဲဆိုရင် နှစ်စဉ် ဥပ္ပါတသန္တိဘုရားကြီးမှာ ဆရာတော်တွေ၊ လူပုဂ္ဂိုလ်တွေကို ဘွဲ့တံဆိပ်တော်တွေ ဆက်ကပ်တဲ့ပွဲရှိပါတယ်။ ဘွဲ့တံဆိပ်တော်တွေ ဆက်ကပ်ပြီးရင် ဆွမ်းဆန်စိမ်းလောင်းပါတယ်။ သမ္မတရုံး၊ အတိုင်ပင်ခံရုံး၊ လွှတ်တော်ရုံး စသည်ဖြင့် မဏ္ဍပ်တွေထိုးပြီး ဆွမ်းဆန်စိမ်းလောင်းပါတယ်။ အဲဒီလို လောင်းတဲ့အခါ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကို ဝန်ကြီး အချိန်ဘယ်လောက်ကြာမလဲလို့ မေးပါတယ်။ ဝန်ကြီးသူရဦးအောင်ကိုက ၂ နာရီ ကျော်လောက်ဆိုရင် ပြီးမယ်လို့ ပြန်ဖြေပါတယ်။ တကယ်တမ်း ဆွမ်းဆန်စိမ်းလောင်းတဲ့ အချိန်မှာ ၃ နာရီကျော်လောက် ကြာပါတယ်။ အဲဒါက ပထမ တစ်နှစ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်၊ နောက်နှစ်မှာလည်း အဲဒီအတိုင်းပဲဖြစ်ပါတယ်။ အဲဒီမှာလည်း ဝန်ကြီး ဘယ်လောက် ကြာမလဲလို့ မေးပါတယ်။ ဒါဆိုရင်တော့ ပြောတဲ့အချိန်နဲ့မကိုက်ဘူး။ ဝန်ကြီးကို ဖိုင်းတပ်ရမယ်ဆိုပြီးတော့ ပြောတယ်။ ဖိုင်းတပ်တော့ ဝန်ကြီး သူရဦးအောင်ကိုက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဒဏ်ကြေးလာပေးတယ်။ ဒဏ်ကြေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မသုံးဘူး၊ ဒီလိုမျိုးပြောထားတဲ့အချိန်ထက် ကျော်ပြီးနောက်ကျတဲ့အတွက် ဒဏ်တပ်တဲ့ အနေနဲ့ ထမင်းကျွေးရမယ်၊ ညစာကျွေးရမယ်၊ ကျွေးတဲ့အခါမှာ ကျွန်တော်တို့ သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ လုံခြုံရေးတွေလည်းရှိတယ်၊ အားလုံးပေါင်း ၈၀ ကျော်လောက်ကို ပြည်ထောင်စုဝန်ကြီးက ညစာကျွေးရတာ ဖြစ်ပါတယ်။ ဒါက သူပြောထားတဲ့တိုင်ပင်နဲ့ မကိုက်ညီတဲ့အတွက် ဖိုင်းတပ်တဲ့အနေနဲ့ ညစာစားပွဲကျွေးတာ ဖြစ်ပါတယ်။ ဒါကို ပြည်ထောင်စုဝန်ကြီးရဲ့ မိသားစုဝင်တစ်ယောက်က facebook မှာ တင်တာတွေ့ပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံ့အကြီးအကဲတွေ Private Dinner လုပ်တဲ့ဟာကို အများပြည်သူအတွက် ထုတ်ပြန်သင့်တယ် မထုတ်ပြန်သင့်ဘူး၊ တင်သင့်မတင်သင့် ဆိုတာကို စဉ်းစားဖို့လိုတယ်။ ကျင့်ဝတ်လည်း ရှိဖို့လိုတယ်လို့ ကျွန်တော်တို့မြင်တယ်။ အပြင်ကနေ ဝေဖန်ပြောကြားနေတဲ့ ဒီအပေါ်မှာ ထောက်ခံမှု ပြသတဲ့အနေနဲ့၊ အားပေးကူညီမှု ပြသတဲ့အနေနဲ့ လုံးဝ လုံးဝ မဟုတ်ပါဘူးလို့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဖြေချင်ပါတယ်”ဟု ဖြေကြားသည်။
ဧရာဝတီသတင်းဌာနမှ သတင်းထောက် ထက်နိုင်ဇော်၏ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက " ပထမဆုံး လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနကိစ္စက အားလုံးသိတဲ့အတိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကိုင်တွယ်တာဖြစ်ပါတယ်။ အထူးသဖြင့် ပြောချင်တာက တရားဥပဒေစိုးမိုးရေးဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့လည်း နားလည်ဖို့လိုပါတယ်။ ဒါက အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအရ ဒီအပေါ်မှာ တစ်စုံတစ်ရာ ပါဝင်ပတ်သက်တာ၊ ဝင်ရောက်စွက်ဖက်တာမျိုး မရှိပါဘူး။ အဂတိ လိုက်စားမှုကော်မရှင်က သူ့ဥပဒေနဲ့အညီ ဆောင်ရွက်နေတဲ့အတွက် အချိန်တန်ရင် ထုတ်ပြန်ပါလိမ့်မယ်။ အစိုးရက ကော်မရှင်ရဲ့လုပ်ငန်းစဉ်တွေအပေါ်မှာ တစ်စုံတစ်ရာ ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး။
“ဒုတိယအချက်က စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ရာထူးက နှုတ်ထွက်ခွင့်ပြုတဲ့ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကို အစိုးရက ကိုင်တွယ်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီးဆီကို တိုင်စာရောက်ပါတယ်။ သမ္မတကြီးက ဆင်ခြင်သုံးသပ်ပြီး ဝန်ကြီးအဆင့် ၃ ဦးပါတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပါတယ်။ တိုင်ကြားစာအပေါ်မှာ အခြေခံပြီး အသေးစိတ်အချိန်ယူပြီး စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပါတယ်။ နောက်ဆုံး အဖွဲ့ရဲ့တွေ့ရှိချက်က တိုင်ကြားခံရတဲ့ကိစ္စဟာ ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း လွဲမှားခြင်းလို့ စစ်ဆေးပေါ်ပေါက်ပါတယ်။ စစ်ဆေးပေါ်ပေါက်ချက်အရ သူ့ရဲ့တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ နှုတ်ထွက်ခွင့်တင်ရတာဖြစ်ပါတယ်။ ဒီနှုတ်ထွက်ခွင့်အပေါ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေရ နိုင်ငံတော်သမ္မတက နှုတ်ထွက်ခွင့် ပေးတာဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းကို စက်မှုဝန်ကြီးဌာနကို တွဲပြီးတော့ကိုင်ခိုင်းရတဲ့ အကြောင်းက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့က စဉ်းစားပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ လက်ကျန်ကာလကလည်း အစိုးရသက်တမ်းက တစ်နှစ်ခွဲ ကျော်ကျော်လောက်ပဲ ကျန်တော့တယ်။ ဒီအချိန်မှာ ဝန်ကြီးအသစ် ခန့်အပ်ခြင်းကိစ္စ၊ နောက်တစ်ချက်က စက်မှုဝန်ကြီးဌာနကို ကြည့်လိုက်ရင် လွှတ်တော်မှာလည်း တင်ပြထားတာတွေရှိပါတယ်။ နိုင်ငံပိုင်လုပ်ငန်းတွေ ပိတ်သိမ်းထားတာ ၁၈ ခုလောက်ရှိပါတယ်။ နိုင်ငံပိုင်စက်ရုံ ပိတ်သိမ်းထားတာတွေကို ပုဂ္ဂလိပိုင်လွှဲပြောင်းခြင်း၊ အကျိုးတူပူးပေါင်းခြင်းစသည်ဖြင့် ဒါတွေကို ကိုင်တွယ်ဖို့ အဓိကလုပ်နေရတာဟာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ပါတယ်။ ဘတ်ဂျက်သုံးစွဲမှု၊ ဝန်ထမ်းလစာတွေနဲ့ ဆက်စပ်ပြီး ဒီကာလမှာ အသင့်တော်ဆုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းကို ပူးတွဲပြီး ကိုင်ခိုင်းတာ ဖြစ်ပါတယ်”ဟု ရှင်းလင်းသည်။
ဆက်လက်၍ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့်စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ ဦးဇော်ဌေးက “အဓိက ကျွန်တော်တို့ကူးပြောင်းမှုကို ထိခိုက်တာကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းကိစ္စဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စက အစိုးရ သစ်တက်လာကတည်း က အလေးထားပြီး ဗဟိုကော်မတီဖွဲ့ဆောင်ရွက်တယ်။ ဆောင်ရွက်ပြီးတဲ့နောက်ပိုင်းမှာ ARSA တိုက်ခိုက်မှုတွေဖြစ်လာတယ်။ ဖြစ်လာတဲ့အချိန်မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးအတွက် အနှောင့်အယှက်တွေဖြစ်တယ်။ ခုနောက်ပိုင်း ဇန်နဝါရီလ ၄ ရက်မှာ AA တိုက်ခိုက်မှု တွေဖြစ်လာတယ်။ ဖြစ်လာတော့ ဒီဒေသမှာ တည်ငြိမ်အေးချမ်းမှုကို ဦးတည် လုပ်ရတဲ့အတွက် အဲဒီအပေါ်မှာ နိုင်ငံတကာ ဝေဖန်မှုတွေလည်းရှိတယ်။ ဖိအား ပေးမှုတွေလည်း ရှိတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ဖြေရှင်းရတဲ့ အနေအထားရှိတယ်။
နောက်တစ်ချက်ကတော့ ဒီမိုကရေစီအကူးအပြောင်းပါ။ ဒီမိုကရေစီအကူးအ အပြောင်းနဲ့ပတ်သက်လို့ ၁၉၈၅ ခုနှစ်ကနေ ၂၀ဝ၉ ခုနှစ်အတွင်းမှာ အပြောင်းအလဲတွေ ဖြစ်ပွားခဲ့တဲ့ နိုင်ငံပေါင်း (၃၀) ကို သုတေသနလုပ်ထားတဲ့ ကမ္ဘာ့ဘဏ်စစ်တမ်းရှိပါတယ်။ အဲဒီစစ်တမ်းအရ ပြန်ကြည့်မယ်ဆိုရင် စံချိန်မီအပြောင်းအလဲ ဖြစ်ခဲ့တဲ့နိုင်ငံ (၂၀) ကို ရွေးလိုက်တယ်။ ရွေးပြီးတော့ သူတို့ရဲ့စံချိန်စံညွှန်းအရ ဒီမိုကရေစီခိုင်မာမှုအဆင့်ကို ရောက်ဖို့ ပျမ်းမျှနှစ်ပေါင်း (၂၀) ကြာတယ်လို့ သူတို့တွေ့ပါတယ်။ အဲဒီထဲမှာ အမြန်ဆုံး နိုင်ငံက ဘယ်လောက်ကြာလဲဆိုရင် (၁၂) နှစ်ကြာပါတယ်။ သူတို့စစ်တမ်းမှာ တချို့နိုင်ငံတွေမှာ တပ်မတော်ရဲ့ ပါဝင်မှုတွေရှိတယ်။ တပ်မတော်ရဲ့ပါဝင်မှုတွေကို မူလနေရာ ပြန်သွားဖို့ဆိုရင် ပျမ်းမျှဆိုရင် (၁၇) နှစ်ကြာတယ်။ အမြန်ဆုံးက (၁၀) နှစ်ကြာတယ်။ ဒါပေမယ့် အဲဒီနိုင်ငံတွေမှာ ကျွန်တော်တို့မြန်မာနိုင်ငံလို ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဒီလောက်မရှိဘူး။ နောက်တစ်ခါ ကျွန်တော်တို့ကြုံနေရတဲ့ ရခိုင်ပြည်နယ်ပြသနာမျိုးမရှိဘူး။ ဒီ Condition နှစ်ရပ်နဲ့ နှိုင်းယှဉ်လိုက်ရင် အမြန်ဆုံးဆိုတဲ့ နိုင်ငံတွေက (၁၂) နှစ်ပေါ့။ ဒီလို ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခနဲ့ ယှဉ်နေရတဲ့နိုင်ငံဆိုရင် ဘယ်လောက်ထိကြာမယ်ဆိုတာ တွက်လို့ရပါတယ်။
“နောက်တစ်ချက်ကတော့ ဒီနိုင်ငံတွေရဲ့ ကောင်းမွန်သောအုပ်ချုပ်မှုကို ကြည့်လိုက်တဲ့အခါ ပျမ်းမျှ(၃၆)နှစ်ကြာတယ်။ အမြန်ဆုံးဆိုတဲ့နိုင်ငံက (၁၃) နှစ်ကြာတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ပတ်သက်လို့ အဂတိလိုက်စားမှု သိသိသာသာလျော့ကျသွားလို့ ကင်းစင်လုနီးပါး အခြေအနေရောက်အောင် ပျမ်းမျှဘယ်လောက် ကြာလဲဆိုရင် (၂၇) နှစ်ကြာတယ်။ အမြန်ဆုံးနိုင်ငံက (၁၆) နှစ်ကြာတယ်။ နောက်တစ်ချက်က တရားဥပဒေစိုးမိုးရေးဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့ ဒီနိုင်ငံတွေကို ပြန်ပြီးတော့လေ့လာတဲ့အချိန်မှာ ပျမ်းမျှ (၄၁) နှစ်ကြာတယ်။ အမြန်ဆုံးနိုင်ငံက (၁၇) နှစ် ကြာတယ်။
“နောက်တစ်ခါ ၂၀၁၀ ပြည့်နှစ်က လုပ်ခဲ့တဲ့စစ်တမ်းတစ်ခုရှိတယ်။ ဒီစစ်တမ်းက ၁၉၉၅ ခုနှစ်ကနေ ၂၀ဝ၇ ခုနှစ်အတွင်းမှာ ဒီမိုကရေစီ အကူးအပြောင်းဖြစ်ခဲ့တဲ့နိုင်ငံ ဖြစ်စဉ်စုစုပေါင်း(၁၁၅)ခုကို သူတို့ကလေ့လာတယ်။ နိုင်ငံပေါင်း (၈၆)နိုင်ငံမှာ ဖြစ်ခဲ့တာ ဖြစ်တယ်။ နိုင်ငံပေါင်း(၈၆)နိုင်ငံမှာ အကြိမ်ပေါင်း(၁၁၅)ကြိမ်ဆိုတာ တချို့က အာဏာသိမ်းလိုက် ပြန်သွားလိုက်ဖြစ်တဲ့ ထိုင်းနိုင်ငံလိုမျိုးတွေပါတယ်။ အနောက်နိုင်ငံတွေက စံထားတဲ့ ဒီမိုကရေစီ ခိုင်မာတဲ့အဆင့်ကို ရောက်သွားတာ ဒီ(၈၆)နိုင်ငံမှာ (၁၅)နိုင်ငံပဲ ရောက်တယ်။ ဒီထဲမှာ (၂၇)ကြိမ်က နောက်ကြောင်းပြန်တယ်။ အာဏာသိမ်းမှုတွေဖြစ်တယ်။ ဒီမိုကရေစီ မအောင်မြင်ဘူးဆိုတဲ့ အကြိမ်က (၂၇) ကြိမ်ရှိတယ်။ အဲဒီလို နောက်ကြောင်းမပြန်ဘူး၊ ဒီမိုကရေစီ ခိုင်မာတဲ့အဆင့်ကိုလည်း မရောက်ဘဲဖြစ်နေတာ နှစ်ပေါင်း (၃၀)၊ (၄၀) လောက်ကြာတယ်လို့ သိရတယ်။ ဒေသအလိုက် ပြန်ကြည့်လိုက်ရင် လက်တင်အမေရိကနိုင်ငံတွေမှာ အနောက်နိုင်ငံတွေက စံထားတဲ့ဒီမိုကရေစီ ခိုင်မာအားကောင်းတဲ့အဆင့်ထိ ဘယ်နိုင်ငံမှ မရောက်ဘူး။ ဆိုလိုတာက ဒီမိုကရေစီကူးပြောင်းရေးအဆင့်မှာပဲ လည်နေတဲ့အနေအထားရှိတယ်။ ဒီအထဲမှာ အောင်မြင်တယ်၊ အနောက်နိုင်ငံတွေက စံထားတယ်ဆိုတဲ့ နိုင်ငံတွေကြည့်ရင် ဥရောပနိုင်ငံတစ်ချို့ပဲပါတယ်။ ဒီဥရောပနိုင်ငံ၊ ဥရောပစံနှုန်းတွေနဲ့ တချို့ပဲ ကူးပြောင်းတဲ့အချိန်မှာ ခိုင်မာတဲ့ အဆင့်ကိုရောက်တယ်။
“မြန်မာနိုင်ငံအနေနဲ့ကျတော့ ကျွန်တော်တို့ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွေကနေ စပြီးကူးပြောင်းတယ်လို့ဆိုပါစို့။ အခုအရပ်သားအစိုးရ တက်လာခါစတော့ ၂၀၁၅ ရွေးကောက်ပွဲအလွန်ပေါ့။ အဲဒီအချိန်မှာ ကျွန်တော်တို့ကူးပြောင်းမှုမှာ စိန်ခေါ်မှုတွေက အများကြီးဖြစ်ပါတယ်။ ဒီလို ဒီမိုကရေစီကူးပြောင်းရေး နိုင်ငံတွေကိုပြန်ကြည့်လိုက်ရင် ဘာတွေ့ရသလဲဆိုရင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ကျွန်တော်တို့နိုင်ငံလောက် ကြီးကြီးမားမားမရှိသလို လက်နက်ကိုင်တပ်ဖွဲ့ကလည်း ကျွန်တော်တို့နိုင်ငံလောက် မရှိဘူး။ အဲဒီအထဲမှာ ကြီးကြီးမားမားပြသနာက ရခိုင်ပြည်နယ်ပြသနာပါ။ ဒါက နိုင်ငံတကာမှာ တော်တော်လေးရင်ဆိုင်ရတဲ့ ပြသနာမျိုး အဲဒီနိုင်ငံတွေမှာ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ရဲ့ကူးပြောင်းမှုက ခက်ခဲတယ်။ ခက်ခဲတဲ့အနေအထားကို ဖြတ်သန်းနေရတယ်ဆိုတာ လည်းမှန်တယ်။ အဲဒီအပေါ်မှာလည်း ကမ္ဘာနဲ့ချီပြီးတော့ တချို့ကိစ္စတွေကို ရှင်းလင်းပြောကြားတဲ့အခါမှာ အခက်အခဲတွေရှိသလို မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ကူးပြောင်းရေး အောင်မြင်ရေးကို ဂရုစိုက်အလေးပေးတဲ့နိုင်ငံ ဒီနေ့အချိန်မှာ ဘယ်နှနိုင်ငံ ရှိသေးလဲဆိုတာကို ပြန်ကြည့်ဖို့လိုတယ်။ ဆိုလိုတာက မြန်မာနိုင်ငံဒီမိုကရေစီကူးပြောင်းမှု အောင်မြင်ရေးကို အာရုံစိုက်သလား။ ရခိုင်ပြည်နယ်အရေးကိစ္စကို အာရုံစိုက်သလား။ ဒီတိုင်းရင်းသား လက်နိုင်ကိုင်တွေနဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို အာရုံစိုက်သ လား။ ဒီအပေါ်မှာနိုင်ငံတကာ အာရုံစိုက်မှုတွေက မတူပါဘူး။ အဲဒီလို အလေးထားမှု၊ အာရုံစိုက်မှုမတူသလို ကျွန်တော်တို့ ဖြေရှင်းနေရတဲ့အနေအထားက တစ်ချိန်တည်းမှာ ပဲ Decenteralization အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုကိုလည်း သွားနေရတာတွေလည်း ရှိတယ်။ ဒါကြောင့် စစ်တမ်းတွေအရ ပြန်ကြည့်လိုက်ရင် ကမ္ဘာတစ်ဝန်းမှာ ကြုံလေ့ကြုံထရှိတဲ့ကိစ္စဖြစ်တယ်။ အတတ်နိုင်ဆုံးတော့ မြန်မာ့မော်ဒယ်ပေါ့။ ဒါမျိုးဖြစ်အောင်တော့ အစဉ်အဆက်ကြိုးစားသွားဖို့လိုတယ်။ ဒီတော့ လူတွေစံထားတဲ့ လူသားဘဝ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမျှတရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွေကတော့ ဖြည်းဖြည်းချင်း လုပ်သွားရင်တော့ ကျွန်တော်တို့နိုင်ငံက နောက်လန်ကျမယ့်အထဲမှာတော့ မရှိဘူး၊ ရှေ့ကိုတော့သွားနေတယ်၊ နှေးကောင်းနှေးလိမ့်မယ်၊ နောက်တော့ ပြန်မလှည့်ဘူးဆိုတဲ့ အနေအထားတော့ရှိပါတယ်” ဖြေကြားသည်။
ရေနံချောင်း မြေနုကျွန်းနှင့်စပ်လျဉ်းသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးဇော်ဌေးက “ မြေနုကျွန်းကိစ္စနဲ့ပတ်သက်ပြီး ဖြစ်စဉ်တွေကိုလည်း ကျွန်တော်တို့မေးပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ်က ကော်မတီဖွဲ့ထားတယ်။ တိုင်းဒေသကြီး အလုပ်သမားရေးရာဝန်ကြီးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိတဲ့သူတွေဖွဲ့ထားတယ်။ သူတို့တွေကစုံစမ်းစစ်ဆေးမှု တွေလုပ်တယ်။ သူတို့က ဝန်ကြီးချုပ်ဆီကိုလာမယ့် တနင်္လာနေ့မှာ report တင်ရမယ်။ တင်တဲ့အခါ သူတို့ရဲ့ အဓိကလုပ်ငန်းတာဝန်က မြေနုကျွန်းနဲ့ပတ်သက်လို့က မြန်မာနိုင်ငံ အလယ်ပိုင်းမှာခဏခဏ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတွေရှိတယ်။ အခုဖြစ်သွားတဲ့ကိစ္စမှာ ဘယ်သူတွေက တာဝန်ရှိသလဲ၊ တာဝန်ချို့ယွင်းတာတွေ ရှိခဲ့သလဲ၊ ဒါတွေကိုသူတို့ စစ်ဆေးဖော်ထုတ်မှာဖြစ်တယ်။ နောင်မှာအလားတူ ကိစ္စမျိုးတွေ မဖြစ်အောင် ဘယ်လိုတွေဆောင်ရွက်သွားမလဲ၊ ဥပမာအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အားနည်းတယ်ဆိုရင် ဌာနကိုဘယ်လိုလုပ်မလဲ၊ ရဲတပ်ဖွဲ့ကအားနည်းရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်တွေကိုသူတို့က တင်ပြရမှာဖြစ်ပါတယ်။ အခုနောက်ဆုံး ၄ ယောက်ကိုဖမ်းဆီးပြီး စစ်ဆေးနေတယ်။ စက်လှေမောင်းတစ်ယောက်၊ ကာယကံရှင် အချင်းချင်း တရားစွဲတာသုံးယောက်ရှိတယ်။ အဲဒီလေးယောက်ကို ရဲစခန်းမှာ ထိန်းသိမ်း ပြီးစစ်ဆေးနေတယ်။ ရဲစစ်ဆေးချက်တွေက ဖြစ်သွားတဲ့ဖြစ်စဉ်အပေါ်မှာ ဥပဒေ ကြောင်းအရ အရေးယူမယ်။ စုံစမ်းစစ်ဆေးရေးကော်မတီက လုပ်မှာကဒီဖြစ်စဉ်မှာ ဘာတွေအားနည်းချက်ရှိတယ်။ တာဝန်ပျက်ကွက်သူက ဘယ်သူရှိသလဲ၊ နောင်မှာ ဒါမျိုးမဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အကြံပြုချက်တွေကိုတင်ပြဖို့ဖြစ်တယ်”ဟု ပြောကြားသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၏ ဘင်္ဂလားဒေရှ့် နိုင်ငံခရီးစဉ် ဆိုင်ရာ မေးခွန်းများ နှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူသွားတယ်။ ၉ ဦးပါတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့၊ နောက်တစ်ခုက အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ Humanitarian Center ၊ A Head Center က ကိုယ်စားလှယ်တွေပါတယ်။ ဒီအဖွဲ့ဝင် တွေနဲ့အတူ ဘင်္ဂလားဒေရှ့်ကို သြဂုတ်လ ၂၇ မှ ၂၉ အထိ သွားရောက်ခဲ့ တာဖြစ်ပါတယ်။ သွားတဲ့အချိန်မှာ ကော့စ်ဘဇား ဒုက္ခသည်စခန်းမှာ နေရပ်စွန့်ခွါသူ ၅၀ ခန့်လောက်နဲ့တွေ့တယ်။ အဆောက်အဦတွေကို ဘယ်လိုလုပ်ထားတယ်၊ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ် အဆင့်ဆင့်၊ သူတို့တွေ အတွက် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ NVC ကတ် ကိုင်ဆောင်ခြင်းရဲ့အကျိုးကျေးဇူး၊ နိုင်ငံသားဖြစ်မှုဆိုရင် ဘယ်လိုလုပ်ရတယ်၊ ဒါတွေကို ကျွန်တော်တို့ စီစဉ်ထားတဲ့ အရာတွေကို အသိပေး ရှင်းလင်းခဲ့တာဖြစ်ပါတယ်။
တချိန်တည်းမှာ ဒီခရီးစဉ်ရဲ့ထူးခြားချက်က အာဆီယံက ကိုယ်စားလှယ်အဖွဲ့ကလည်း ကနဦးလုပ်ငန်းစဉ်အတွက် လူဦးရေစစ်တမ်းတွေ ကောက်ပါတယ်။ စစ်တမ်းကောက်တဲ့အပေါ်မှာ ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ရွေးချယ်တာရှိပါတယ်။ ဒီလုပ်ငန်းစဉ်ကိုလည်း ကျွန်တော်တို့ ရှင်းလင်းပြောကြားတယ်။ အဲဒီမှာ ဦးမြင့်သူနဲ့ အဖွဲ့က မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ဆိုင်ရာ Fax Sheep ဆိုတာကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ပြုစုပေးတာဖြစ်ပါတယ်။
ဒါ့အပြင် အလွယ်တကူသိရှိနိုင်အောင် Fact Sheet လက်ကမ်းစာစောင် တွေကျွန်တော်တို့ ပေးတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံဘက်က ဦးမြင့်သူ ဦးဆောင်တယ်၊ ဟိုဘက်က DG ဦးဆောင်တယ်။ ဒီအဖွဲ့တွေက နှစ်နိုင်ငံအစည်း အဝေးလုပ်ပါတယ်။ ရှေ့ဆက်ပြီး ဘယ်လိုလုပ်မယ်ဆိုတဲ့အရာတွေ ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အခါမှာလည်း ကျွန်တော်တို့ အဓိကအားဖြင့် 1982 Law, Citizinship Law အရ ပြုနိုင်ငံသား၊ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ဘယ်လိုလုပ်လို့ရတယ်ဆိုတာကို သူတို့ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်ဖို့ မှာကြားခဲ့တာဖြစ်တယ်။
နောက်တစ်ချက်က သူတို့ပြန်လာတဲ့အခါမှာ UNDP ၊ UNHCR နဲ့ MoU လက်မှတ်ထိုးထားတဲ့ သုံးဦးသုံးဖလှယ် ဆောင်ရွက်တဲ့ကိစ္စတွေကိုလည်း UN ကလုပ်နေတာတွေရှိပါတယ်။ ဒါတွေကိုလည်း အသိပေးပြောကြားပါတယ်။ နောက်တစ်ချက် က ဟိန္ဒူဘာသာဝင် ကိုယ်စားလှယ် ၁၀ ဦး၊ ခရစ်ယာန်ဘာသာဝင် ကိုယ်စားလှယ် ၄ ဦး ကိုလည်းတွေ့ပါတယ်။ တွေ့တဲ့အချိန်မှာလည်း မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသွားကြတဲ့လူတွေ ပြန်လာဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ အခြေအနေတွေ ရှင်းပြပါတယ်။ အဲဒီခရီးစဉ်မှာ ဦးမြင့်သူကို ၂၀၅၄၇ ယောက်ရဲ့ အချက်အလက်တွေကို ပေးလိုက်ပါတယ်။ ပထမဆုံးအကြိမ် ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနဲ့ ကြားမှာ ပြန်လည်လက်ခံဖို့ဆိုပြီး သူတို့ပေးတာက ၈၀၃၂ ယောက်ရှိတယ်။ ဒုတိယ အကြိမ်မှာ ၂၂၄၃၂ ယောက်ရှိတယ်။ အားလုံးပေါင်း လိုက်ရင် ၅၀ဝ၀ဝ ကျော်ရတယ်။ ဒီစာရင်းကျွန်တော်တို့ဆီမှာ ရှိပါတယ်။ အဲဒီစာရင်းမှာ ပြန်ကြည့်လိုက်တော့ အထူးသဖြင့် ဓာတ်ပုံတွေက ကာလာနဲ့ မဟုတ်ဘူး။ အဖြူနဲ့ အမဲ ပုံစံတွေ ဖြစ်နေတယ်။ သတ်မှတ်ထားတဲ့ပုံစံနဲ့မဟုတ်တဲ့ အတွက် ဦးမြင့်သူက Soft Copy ပို့ပေးဖို့ သူတို့ကိုပြောခဲ့ပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ နှစ်နိုင်ငံသဘော တူညီချက်နဲ့အညီ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ကစပြီး အသင့်ပြင်ခဲ့တာဖြစ်ပါတယ်။
ဦးမြင့်သူရဲ့ နောက်ဆုံးသွားရောက်ခဲ့တဲ့ ခရီးစဉ်က အာဆီယံက ကိုယ်စားလှယ်တွေလည်းပါတယ်။ ဒုက္ခသည်တွေကိုလည်း ရှင်းလင်းပြောကြားမှုတွေ လုပ်နိုင်ခဲ့တယ်။ ပြောရင်ဒီခရီးစဉ်က တိုးတက်မှုရတဲ့၊ တိုးတက်မှုရှိတဲ့ ခရီးစဉ်လို့ ဆိုနိုင်ပါတယ်” ဟု ရှင်းလင်းသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
(သတင်းစဉ်)


