ထန်းတပင် ၃ သြဂုတ်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် (၂၀၁၉) ခုနှစ်အား မဲဆန္ဒရှင်စာရင်းပြုစုသည့်နှစ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်းမဲစာရင်းတွင် ပါဝင်ခြင်းဖြင့် နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေရန်နှင့် အခြေခံမဲဆန္ဒရှင်စာရင်း တိကျ မှန်ကန်စေရေးအတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းကို ဇူလိုင်လ(၁၆)ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့ခွဲများက ရပ်ကွက်/ကျေးရွာများတွင် အိမ်တိုင်ရာရောက် ကွင်းဆင်းကာကောက်ယူလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
အဆိုပါ စာရင်းအချက်အလက်များ ကောက်ယူလျက်ရှိသည့် ဓနဲရိကျေးရွာအုပ်စု၊ အေးရွာလေး ကျေးရွာနှင့် သံပုရာကုန်ကျေးရွာအုပ်စု၊ သံပုရာကုန်ကျေးရွာတို့တွင် လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်း အဖွဲ့ခွဲများ၏ လူဦးရေစာရင်းအချက်အလက်များ ကောက်ယူနေမှု အခြေအနေများကို သြဂုတ်လ(၂)ရက်နေ့၊ နံနက်ပိုင်းအချိန်က ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မွှေး၊ အဖွဲ့ဝင် ဦးတင်မြင့်၊ ထန်းတပင်မြို့နယ် တာဝန်ခံ ဦးသန်းဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးတင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက သွားရောက်ကာ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာရှိ လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့ခွဲများကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက လူဦးရေစာရင်းအချက်အလက်များ ကောက်ယူရာတွင် တိကျမှန်ကန်စွာ ကောက်ယူရေးတို့ကိုရှင်းလင်းမှာကြားခဲ့သည်။
ထန်းတပင်မြို့နယ်တွင် လူဦးရေစာရင်း အချက်အလက်များ ကောက်ယူခြင်းကို မြို့ပေါ်(၅) ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၅၄)အုပ်စုတို့တွင် ကောက်ယူလျက်ရှိရာ စာရင်းရှိအိမ်ထောင်စုအရေအတွက် (၃၈၅ဝဝ)ရှိပြီး သြဂုတ်လ (၂)ရက်နေ့အထိကောက်ယူပြီးစီးမှု အိမ်ထောင်စု(၆၅၅၉)စုရှိကာ ကောက်ယူပြီးစီးမှု ရာခိုင်နှုန်း (၁၇ ဒသမ ဝ၃) ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


