မုံရွာ ၃ သြဂုတ်
ဘူမိဗေဒကျောက် ဥယျာဉ်တစ်ခုကို မုံရွာတက္ကသိုလ် ဘူမိဗေဒဌာနရှေ့တွင် တည်ဆောက်ထားရှိရန် စီစဉ်လျက်ရှိရာ ၎င်းကျောက်ဥယျာဉ်၌ ကျောက်အမျိုးအစားစုံလင်စွာ ထားရှိနိုင်ရေးဒေသတွင်း ကျောက်မျိုးများကို စုဆောင်းလျက်ရှိကြောင်း မုံရွာတက္ကသိုလ်ဘူမိဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဇော်မြင့်နီ၏ ပြောကြားချက်အရ သိရသည်။
“အခုရောက်ရှိတဲ့ ကျောက်တွေက ဘူမိဗေဒဌာနမှာ တက်ရောက်နေတဲ့ ကျောင်းသား/သူတွေ၊ ကျောင်းပြီးလို့ လုပ်ငန်းခွင်မျိုးစုံမှာ ရောက်နေတဲ့ ကျောင်းသား/ကျောင်းသူ ဟောင်းတွေက ကိုယ်တိုင်ရှာဖွေကြတယ်၊ တချို့က စက်အား လူအားတွေနဲ့ စုပေါင်းပြီးလှူဒါန်းကြတာဖြစ်တယ်၊ ကျောက်ဥယျာဉ်ကိုအလျား(၄၀)ပေ၊ အနံ (၇၀)ပေ အကျယ်ရှိတဲ့အဆောက်အဦတစ်ခုကို တည်ဆောက်ထားရှိမှာဖြစ်တယ် ” ဟု မုံရွာတက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဇော်မြင့်နီက ပြောသည်။
ယခုလက်ရှိတွင် ဘူမိဗေဒကျောက်ဥယျာဉ်၌ ထားရှိရန် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မင်းကင်းဒေသတွင် ထွက်ရှိသည့် ကျောက်စရစ် (Gravels) အမျိုးအစားနှင့် မုံရွာမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အတွင်းမှ ထွက်ရှိသော (Basalt) မီးတောင်ကျောက် အမျိုးအစားများကို စုဆောင်းထားရှိပြီး ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


