မကွေး ၃ သြဂုတ်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မြင်ကွန်းကျေးရွာအုပ်စု၊ ကျောက်ကုန်းကျေးရွာ၌ ပဲခူးမြို့ အ.ထ.က(၁) ကျောင်းသား ကျောင်းသူဟောင်းများနှင့် ပိုင်စေ စာသင်ဝိုင်းမှ ဆရာ၊ ဆရာများ၊ ကျောင်းသား ကျောင်းသူများမှ လှူဒါန်းငွေဖြင့် ဆောင်ရွက်သည့် အများသုံးစက်ရေတွင်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါကျေးရွာ စက်ရေတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်နှင့် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးအောင်ကြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အလှူရှင်များကိုယ်စား ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်း၊ ဦးလှမြင့်ဦးနှင့် တာဝန်ရှိသူများက ကျေးဇူးတင်စကား ပြောကြားပါသည်။
ထို့နောက် စက်ရေတွင်းသစ်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်နှင့် အလှူရှင်ကျောင်းသားကျောင်းသူဟောင်းများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စက်ရေတွင်းသစ်ကို ကြည့်ရှု စစ်ဆေးသည်။
အဆိုပါ ကျောက်ကုန်းကျေးရွာ စက်ရေတွင်းသစ် အနက်ပေ ၃၀ဝ တူးဖော်ခြင်း၊ 5 Hp ရေမြုပ်ပန့်၊ 28 Hp အင်ဂျင်၊ 15 KW ဒိုင်နမိုတပ်ဆင်ခြင်း၊ ဂါလံ ၅၀ဝ၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ၅၀ဝ ပေ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများကို ပဲခူးမြို့ အ.ထ.က(၁) ကျောင်းသား ကျောင်းသူဟောင်းများနှင့် ပိုင်စေ စာသင်ဝိုင်းမှ ဆရာ၊ ဆရာများ၊ ကျောင်းသားကျောင်းသူများမှ လှူဒါန်းငွေကျပ် ၁၂၅ သိန်းဖြင့် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အနီးကပ်ကြီးကြပ်ကာ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


