ရန်ကုန် ၃ သြဂုတ်

မြန်မာနိုင်ငံတွင် ဇာတ်ရုံများနည်းပါးခြင်းကြောင့် မိုးရာသီကာလတွင် အနုပညာသမားများအတွက် အခက်အခဲဖြစ်ရကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး အတွင်းရေးမှူး ဦးနေဝင်းက ပြောကြားသည်။

ကျွန်တော်တို့ ကပြဖျော်ဖြေဖို့အတွက် မိုးရာသီအရောက်မှာ ဇာတ်ရုံတွေမရှိခြင်းဟာ အနုပညာသမားတွေရဲ့ဘဝကို အခက်အခဲဖြစ်စေတယ်။ အကယ်၍ မြို့တိုင်းရွာတိုင်းမှာသာ မိုးလုံလေလုံ ကပြနိုင်တဲ့ ဇာတ်ရုံမျိုးတွေရှိမယ်ဆိုရင် အနုပညာရှင်တွေ၊ ဇာတ်သမားတွေရဲ့ အခွင့်အလမ်းတွေ ပိုပြီးအဆင်ပြေလာနိုင်ပါတယ် ဟု မြန်မာနိုင်ငံသဘင်အစည်းအရုံး အတွင်းရေးမှူး ဦးနေဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာအဆင့်မီ ဇာတ်ရုံများမရှိသည့်အတွက် မြန်မာ့ဇာတ်သဘင်အဖွဲများအနေဖြင့် မိုးတွင်းကာလကို ပွဲနားကာလအဖြစ် သတ်မှတ်ပြီး တီးလုံးတိုက်ခြင်း၊ လူသစ်လူဟောင်း ပြောင်းရွှေ့ခြင်းများကိုသာပြုလုပ်ကြ လေ့ရှိကြောင်း သိရသည်။ သို့သော် ရုံဇာတ်အနေဖြင့် ကပြဖျော်ဖြေလျက်ရှိသော တင်မောင်ဆန်းမင်းဝင်း ဇာတ်မှာ မိုးရာသီပွဲတော်ဟူ၍ရုပ်သံမှ ထုတ်လွွှင်းခြင်းမျိုးလည်း ရှိကြောင်း သိရသည်။ မိုးရာသီကာလတွင် မိုးလုံလေလုံ ဇာတ်ရုံရှိသောမြို့များနှင့် ဘုရားပွဲတော်အချို့တွင် ဇာတ်အဖွဲ့ ဖျော်ဖြေမှုများရှိသော်လည်း အလွန်နည်းပါးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်နှင့်မန္တလေးမြို့များတွင်သာ အမျိုးသားဇာတ်ရုံများရှိပြီး နိုင်ငံတကာ အဆင့်မီ မိုးလုံ လေလုံ၊ အသံစနစ်နှင့် မီးစနစ်ကောင်းမွန်သော ဇာတ်ရုံများ လိုအပ်လျက် ရှိကြောင်းသိရသည်။ မြန်မာ့ဇာတ် သဘင်အဖွဲ့များအနေဖြင့် အမြို့မြို့အနယ်နယ်သို့ လှည့်လည်ဖျော်ဖြေရာတွင် ဘုန်းကြီးကျောင်း၊ ရွာ၊ မြစ်ဆိပ်တို့ကို ကျောခိုင်းဖျော်ဖြေမှုများ ပြုလုပ်ကြရသဖြင့် အမြင်မတင့်တယ်ကြောင်း မြန်မာ့ဇာတ်သဘင် လောကသားများက ပြောကြားသည်။

မြန်မာဇာတ်သဘင်အဖွဲ့များအနေဖြင့် ဆောင်းရာသီကာလသည် ပွဲကပြဖျော်ဖြေမှု အများဆုံးအချိန်ဖြစ်သည်။ ဇာတ်အဖွဲ့များအနေဖြင့် မကွေးတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးနှင့် မွန် ပြည်နယ်တို့တွင် ဇာတ်အဖွဲ့ပေါင်း ၄၀ စီခန့်ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဇာတ်အဖွဲ့ကြီးများမှာ ရုံဇာတ်အဓိက ကပြလေ့ရှိပြီး အဖွဲ့ပေါင်း ၂၀ ခန့်ရှိကြောင်း သိရသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်း ဇာတ်အဖွဲ့ပေါင်းများစွာရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာ့ဇာတ်အဖွဲ့ပေါင်း ၂၀ဝ နီးပါးရှိကြောင်း သိရသည်။

မြန်မာ့ဇာတ်အဖွဲ့များ၌ ဇာတ်အဖွဲ့တစ်ဖွဲ့လျှင် ခေါင်းဆောင်မင်းသားအပါအဝင် လူ ၄၀ ခန့်ဖြင့် ဖွဲ့စည်းထားကြ ပြီး ဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ စွမ်းဇာနည်ကဲ့သို့ ဇာတ်ကြီးများတွင် လူ ၈၀ ဦးခန့်အထိ ဖွဲ့စည်းပါဝင်ကြောင်း သိရသည်။ ရုံဇာတ်များ ကပြဖျော်ဖြေရာတွင် ကန်ထရိုက်နှင့်ဈေးညှိကာ ကပြခြင်းများရှိပြီး ရုံဇာတ်တစ်ဇာတ်ကို ဗလာပွဲ အနေဖြင့် ကပြမည်ဆိုပါက ညကြေး အနိမ့်ဆုံး သိန်း ၈၀ မှ အမြင့်ဆုံး သိန်း ၁၀ဝ ခန့်အထိ ရှိတတ်ကြောင်း သိရသည်။ ရုံဇာတ်ကြီးအပြင် အောင်မြင်နေတဲ့ ဗလာဇာတ်အဖွဲ့များရှိပြီး ဗလာဇာတ်အဖွဲ့များ ၏ တစ်ည ညကြေးမှာ သိန်း ၄၀ ခန့်ရှိကြောင်း သိရသည်။  ရာသီချိန် ပေါ်လိုက်၍ ဈေးအတက်အကျရှိပြီး မိုးရာသီကာလတွင်  ပွဲပါးသောရာသီ ဖြစ်သည့်အတွက် ဈေးလျှော့ချကာ ကပြခြင်းမျိုးလည်း ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၁၂ ရာသီပွဲတော်များရှိသော်လည်း ဝတ္တရားကျေကျင်းပသည့် ပွဲများ ပေါများလာကာ ယခင်က ကဲ့သို့ ဖောဖောသီသီ လှူနိုင်တန်းနိုင် ပွဲတော်ကျင်းပနိုင်ခြင်းများ မရှိတော့ဘဲ တဖြည်းဖြည်း လျော့နည်းလာကြောင်း မြန်မာ့ဇာတ်သဘင်လောကသားများထံမှ သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)