မြစ်ကြီးနား ၃ ဩဂုတ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တူ မြစ်ကြီးနားမြို့တွင်းရှိ ရပ်ကွက်နေပြည်သူများ၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများ စခန်းနေပြည်သူများနှင့် တွေ့ဆုံပြီး စခန်းများအတွင်း မိုးရာသီ အခမဲ့ဆေးကုသပေးရေး အစီအစဉ် ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ တပ်ကုန်း (ရာဒါကောင်း-ဘီ) ရပ်ကွက်အတွင်းရှိ မုန်ရာကောင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်း၌ ဓမ္မဆရာများ၊ အသင်းသူအသင်းသားများ၊ ရပ်ကွက် နေပြည်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့အစိုးရတစ်ရပ်ဖြစ်သည်နှင့်အညီ ပြည်နယ် သူ/သားများ၏ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်သူ/သားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဘက်ဘက်မှ ပြည့်စုံကောင်းမွန်အောင် ကြိုးစား၍ ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခုဖြစ်လာစေရန် ပြည်သူအားလုံးက မိမိတို့အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် ရပ်မိရပ်ဖများက ဘုရားကျောင်းသွားလမ်းနှင့် ရပ်ကွက်ဗဟိုလမ်းမအား ကတ္တရာလမ်း ခင်းကျင်းပေးနိုင်ရေးအတွက် တင်ပြလာမှုများကို ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းစီမံဆောင်ရွက်ပေးခဲ့သည်။

 

 mdn

 

အလားတူ စီတာပူရပ်ကွက်၊ အပိုင်း ၂ အတွင်း ခရစ်ယာန်ဘုန်းတော်ကြီးများ၊ ဓမ္မဆရာများ၊ ရပ်ကွက်နေပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်အတွင်း လိုအပ်လျက်ရှိသည့် အင်္ဂလိကန်ဘုရားကျောင်းရှေ့ ငွေပျော်ကောင်းလမ်း ပေ ၄၇၃၀ ကို ကတ္တရာလမ်းခင်းကျင်း ပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ပြီး ဧရာရပ်ကွက်အတွင်း ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးနှင့် မီးရထားသံလမ်းအနီး ရတနာလမ်းတွင် ဝန်ထမ်းအိမ်ရာခြံဝင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ၎င်းလမ်းကြား တိုးချဲ့ခင်းကျင်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်းရှိ နှစ်ခြင်း ခရစ်ယာန်အသင်းတော် ဖွံ့ဖြိုးရေးခြံဝင်းအတွင်းနှင့် ကက်သလစ်အသင်းတော်ဝင်းအတွင်းရှိ IDPs စခန်းနေ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး စခန်းတာဝန်ခံများ၏ လိုအပ်ချက်၊ အခက်အခဲတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စခန်းနေပြည်သူများ၏ နေထိုင်မှုအဆင်ပြေစေရေး ပံ့ပိုးကူညီပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေးခဲ့သည်။ ယင်းနောက် စခန်းနေပြည်သူများ နေရပ်ပြန်လည် အခြေချ နေထိုင်နိင်ရေးအတွက် စီမံဆောင်ရွက်ထားရှိကြောင်း၊ အခြေခံလိုအပ်ချက်များကိုလည်း အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်လူမှုရေးဝန်ကြီးက IDPs စခန်းနေပြည်သူများ နေရပ်ပြန်လည်နေထိုင်ရေးအတွက် စီမံဆောင်ရွက်ထားမှုအ ခြေအနေများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ စခန်းများအတွင်း ဝိုင်းမော်မြို့နယ်အမှတ် ၂  လွှတ်တော်ကိုယ်စားလှယ် ဦးဇခေါင်ခမ်းရယ်နှင့် အလင်းသစ် မီဒီယာ သာသနာအဖွဲ့တို့ ပူးပေါင်း၍ ဒုတိယအကြိမ် မိုးရာသီအခမဲ့ဆေးကုသရေး အစီအစဉ်တွင် ပါဝင်ကူညီပံ့ပိုးနေသူများနှင့် ဆေးဝါးကုသမှု ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ကြည့်ရှုအားပေးခဲ့ကြကာ စခန်းနေပြည်သူများအတွက် စားသောက်ဖွယ်ရာများကို လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)

 

mdn