ရန်ကုန် ၃ သြဂုတ်
စီးပွားရေးနှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်သည့် အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာအနုညာတဗဟိုဌာန ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) တွင် ပြုလုပ်သည်။
အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်း၊ ဦးအောင်ထူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ၊ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က မြန်မာအနုညာတဗဟိုဌာန ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ စီးပွားရေးနှင့် ပတ်သက်ပြီး နောင်ဖြစ်ပေါ်လာနိုင်သည့် အငြင်းပွားမှုများကို Mediation နည်းဖြင့် ညှိနှိုင်းဖြေရှင်းမှုပြု ၍မရပါက Arbitration Center တွင် နှစ်ဦးနှစ်ဖက် မနစ်နာစေဘဲ Arbitration နည်းဖြင့် Arbitrators ခုံသမာဓိ လူကြီးများနှင့် ဖြေရှင်းမှုပြုနိုင်တော့ မည်ဖြစ်ကြောင်း၊ အနုညာတနည်းဖြင့် ဖြေရှင်းရာတွင် အဂတိလိုက်စားမှု ကင်းသည့် ဘက်လိုက်မှုမရှိသည့် တည့်မတ်မှန်ကန်သည့် ခုံသမာဓိလူကြီးများဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခုံသမာဓိလူကြီးများအနေဖြင့် ဖြောင့်မတ်မှန်ကန်မှုမရှိဘဲ ဘက်လိုက်မှုရှိပြီး မရိုးဖြောင့်လုပ်မှုများ ဖြစ်ပေါ်လာပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ပြန်လည်တရားစွဲဆိုမှု ခံကြရမည်ဖြစ်ကြောင်း၊ ခုံသမာဓိ လူကြီးများအဖြစ် ဆောင်ရွက်ပေး နိုင်ရေးအတွက် ၂၀၁၉ ခုနှစ် မေ ၂၅ ရက်မှ ဇွန် ၁၆ ရက်အထိ ခုံသမာဓိသင်တန်းကိုလည်း အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ ယခင်က စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သည်များအကြား ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးဆိုင်ရာ အငြင်းပွားမှုများကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းဖျန်ဖြေပေးသည့် Mediation Mechanism နည်းများဖြင့်သာ အသင်းချုပ်တွင် ညှိနှိုင်းဖျန်ဖြေရေး ကော်မတီတစ်ခု ဖွဲ့စည်းထားပြီး ၁၉၉၂ ခုနှစ်မှစ၍ ညှိနှိုင်းဖျန်ဖြေ ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ယခုအခါ ထိုမှတစ်ဆင့်တက်၍ အငြင်းပွားမှုများကို အနုညာတနည်း (Arbitration) ဖြင့် ဖြေရှင်းပေး ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ပြောသည်။
ထို့နောက် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အကြံပေး ဒေါက်တာမောင်မောင်သိမ်း က မြန်မာအနုညာတဗဟိုဌာန ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာသူများသည် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အကြံပေး ဒေါက်တာ မောင်မောင်သိမ်းက အနုညာတ စီရင်ဆုံးဖြတ်ခြင်းဗဟိုဌာနမှ College of Arbitrator အဖွဲ့ဝင်များအား Arbitrator အသိအမှတ်ပြု လက်မှတ်ပေးအပ်သည်။
ယခင်က ပြည်တွင်းစီးပွားရေးလုပ်ငန်းများ မကြာခဏကြုံတွေ့ရသည့် စီးပွားရေးဆိုင်ရာ အငြင်းပွားမှုပြဿနာများကို အနုညာတနည်း (Arbitration) နည်းဖြင့် ဖြေရှင်းပေးနိုင်ရန် Arbitration Center မရှိခြင်း၊ Arbitrators များမရှိခြင်းတို့ကြောင့် ပြည်ပနိုင်ငံများတွင် သွားရောက်ဖြေရှင်းမှုများကို ဆောင်ရွက်ကြရသဖြင့် ငွေကြေးကုန်ကျမှုများခြင်း၊ တန်ဖိုးရှိသည့်အချိန်များ ကုန်ဆုံးရခြင်း၊ ဘာသာစကား အခက်အခဲရှိခြင်း စသည့်အခက်အခဲများ ရှိခဲ့ကြကြောင်း၊ ယင်းအခက်အခဲများကို ကျော်လွှားပြီး ပြည်တွင်း၌ဖြစ်ပေါ်သည့် အငြင်းပွားမှုများကို ပြည်တွင်းမှာသာ အနုညာတနည်းဖြင့် ဖြေရှင်းနိုင်ရန်အတွက် အသင်းချုပ်အနေဖြင့် ၂၀၁၇ ခုနှစ်က စတင်ပြီး လုပ်ထုံးလုပ်နည်း ရေးဆွဲခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လာခဲ့ကြကြောင်း၊ ယင်းဆောင်ရွက်ချက်ရလဒ်ကို အကောင်အထည်ဖော်ရန် Myanmar Arbitration Center နှင့် စပ်လျဉ်းသည့် ကုမ္ပဏီတစ်ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ကုမ္ပဏီကို မှတ်ပုံတင်ပြီး ဖွဲ့စည်းရန်တင်ခဲ့ရာ ၂၀၁၉ ခုနှစ် မတ် ၁၁ ရက်တွင် “ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီ” (Myanmar Arbitration Center Limited by Guarantee) အဖြစ် ခွင့်ပြုချက်ရရှိခဲ့ကြောင်း ယနေ့အခမ်းအနားမှ သိရသည်။
(သတင်း-မင်းသစ်(MNA) /ဓာတ်ပုံ-ဇော်မင်းလတ်)


