စစ်တွေ ၃ သြဂုတ်

ရခိုင်ပြည်နယ် စစ်တွေမြို့၏အရှေ့ဘက် ကုလားတန်မြစ်အနောက်ဘက်ခြမ်းတွင် ရခိုင်ပြည်နယ် အစိုးရဖွဲ့နှင့် ကိုရီးယားနိုင်ငံမှ BXT International ကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ဧက ၉၀ ခန့်ရှိ မြေဖို့မြေယာဖော်ထုတ်ရေး စီမံကိန်းမှာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်သဖြင့် မြို့ပြနေရာသစ်တစ်ခုအဖြစ် ပေါ်ထွက်လာတော့မည်ဖြစ်ကြောင်း သိရသည်။

“ဒီဖို့မြေစီမံကိန်းဟာဆိုရင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကနေခွင့်ပြုထားတဲ့ လုပ်ငန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းစာချုပ်ချုပ်ပြီး ဆောင်ရွက်တဲ့လုပ်ငန်းဖြစ်ပါတယ်။ နေရာကတော့ ကုလားတန်မြစ်ဘေးမှာဖြစ်ပြီး မြေအကျယ်အဝန်းကတော့ ဧက ၉၀ ခန့် ဖြစ်ပါတယ်။ အဓိကတော့ မြေဖို့လိုက်ပြီးတော့ မြို့ကိုတိုးချဲ့လိုက်တဲ့ သဘောဖြစ်ပါတယ်။ အသစ်ပေါ်ထွက်လာတဲ့ ဒီစီမံကိန်းမြေပေါ်မှာ သက်ဆိုင်ရာကုမ္ပဏီကနေ အကွက်ရိုက်ပြီးတော့ အခြေခံအဆောက်အဦတွေ ဆောက်လုပ်တာတွေ၊ လမ်းဖောက်လုပ်တာတွေ၊ လိုအပ်တဲ့ လျှပ်စစ်မီးသွယ်တန်းတာတွေနဲ့ အကွက်နယ်နိမိတ် သတ်မှတ်တာတွေကို သက်ဆိုင်ရာ ကုမ္ပဏီကနေ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ မြေဖို့တဲ့လုပ်ငန်းတွေက ၁၀ဝ ရာခိုင်နှုန်း ပြီးစီးသွားပါပြီ။ ကျန်တဲ့ ရေမြောင်းလုပ်ငန်းတွေ၊ လမ်းပိုင်းဆိုင်ရာတွေကိုလည်း သက်ဆိုင်တဲ့ ကုမ္ပဏီတွေက ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးထူးမင်းသိမ်းက ပြောသည်။

အဆိုပါ မြေဖို့ခြင်းလုပ်ငန်းကို စင်္ကာပူနိုင်ငံ၏ နည်းပညာဖြင့် အသုံးပြုထားကြောင်းသိရပြီး ကွန်ကရစ်ရေတားနံရံ ထည့်သွင်းတည်ဆောက်ထားခြင်းကြောင့် မြေသားများမှာ ခိုင်မာမှုရှိကြောင်း သိရသည်။ ယင်းစီမံကိန်းတွင် ရခိုင်ပြည်နယ်အစိုးရက ၃၀ ရာခိုင်နှုန်းနှင့် ကုမ္ပဏီက ၇၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။ ယင်းဖို့မြေစီမံကိန်းမှ မြေကွက်များကို တစ်စတုရန်းပေလျင် ငွေကျပ် သောင်းဂဏန်းမျှဖြင့် ရောင်းချလျက်ရှိပြီး မြေကွက်ဝယ်ယူသူများအား ရခိုင်ပြည်နယ်အစိုးရမှ နှစ် ၃၀ ဂရန်ထုတ်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

စစ်တွေမြို့၏ စီးပွားရေးအလားအလာကောင်းများကြောင့်ပင် စစ်တွေမြို့တွင် အိမ်ခြံမြေဈေးကွက်များလည်း တိုးမြင့်လာခဲ့ကာ မြေဈေးနှုန်းမှာ တစ်စတုရန်းပေလျှင် ငွေကျပ် ၂၀ဝဝဝဝ မှ ၅၀ဝဝဝဝ အထိ ရှိနေကြောင်း စီမံကိန်းတာဝန်ရှိသူများက ဆိုသည်။  ထိုကြောင့် စစ်တွေမြို့အား မြို့ပြစီမံကိန်းများရေးဆွဲပြီး တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဖို့မြေစီမံကိန်းတွင် စုပေါင်းအိမ်ရာများ၊ လက်လီလက်ကား ဈေးကွက်များ၊ အလယ်အလတ်အဆင့်ရှိ ကွန်ဒိုမီနီယံများ၊ သိုလှောင်ရုံနှင့် ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ ကုန်သွယ်မှုစီးပွားရေးဇုန်၊ ငါးစက်ရုံများ၊ အပန်းဖြေရုပ်ရှင်ရုံများ၊ ပန်းခြံများ၊ ကစားကွင်းများ ပါရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် ပထမဦးဆုံးဖို့မြေစီမံကိန်းဖြစ်သည့် အဆိုပါ ဖို့မြေစီမံကိန်းကြီး၏ မြေနေရာသည် စစ်တွေဈေးကြီးနှင့် နီးကပ်စွာရှိနေသည့်အပြင် ကုလားတန်မြစ်ကမ်းခြေ အနီးတွင်ရှိသဖြင့် အနာဂတ်စစ်တွေမြို့၏ စီးပွားရေးအချက်အခြာနေရာအဖြစ် ရှိလာမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။

“ဒီစီမံကိန်းကြီးက လမ်းပိုင်းနဲ့ ရေမြောင်းအပိုင်းတွေကလည်း ပြီးသလောက်ဖြစ်နေပါပြီ။ နောက်တစ်ခုက ကန်ပတ်လမ်းကို ဆက်ခင်းမယ်။ ဒီစီမံကိန်းနေရာက အရင်ကရေပြင်ကြီးပါ။ ဒီလိုမြေကွက် ဖော်ထုတ်လိုက်တဲ့အတွက် သန့်ရှင်းတဲ့ မြို့ကွက်သစ် တစ်ခုအနေနဲ့ ပေါ်လာတယ်။ ဒါပြီးစီးသွားတာနဲ့ ဒီနေရာကို လာရောက်ရင်းနှီးမြှုပ်နှံတဲ့သူတွေ ရှိလာမယ်။ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပေါ်ထွက်လာမှာ ဖြစ်တဲ့တွက် ဒေသအတွက် အများကြီးအကျိုးရှိပါတယ်” ဟု လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာ တစ်ဦးဖြစ်သူ ဦးသန်းဇော်လင်းက ပြောသည်။ 

“ဒီလိုမြိုပြစီမံကိန်းကြီး ဖော်ထုတ်ပေးလိုက်တဲ့အတွက် စစ်တွေမြို့ကလည်း တဖြည်းဖြည်းတိုးချဲ့လာပြီး လုပ်ငန်းလုပ်ချင်တဲ့သူတွေအတွက်လည်း သပ်သပ်ရပ်ရပ်နဲ့ နေရာအကွက် ကောင်းကောင်းမှာနေပြီး လုပ်လို့ရသွားတယ်။ အခုဖို့မြေနေရာက တိုးချဲ့နေရာသစ်အနေနဲ့ ပိုပြီးလည်း အဆင်ပြေနိုင်ပါတယ်။ တစ်ခုပြောချင်တာက ကျွန်တော်တို့ဆီမှာ စီမံကိန်းတွေတော့ အများကြီးရှိတယ်လို့ သိရတယ်။ သို့သော် စီမံကိန်းတွေရှိနေရုံနဲ့ မပြီးဘူး။ တကယ်လက်တွေ့ကျကျ အကောင်အထည်ဖော် အရေးကြီးပါတယ်၊ ဘာပဲပြောပြော ဒီစီမံကိန်းဟာဆိုရင် ကျွန်တော်တို့ ဒေသခံအတွက် အများကြီး အကျိုးရှိမှာဖြစ်လို့ ဝမ်းသာမိပါတယ်” ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ကြည်မိုးက ပြောသည်။

တင်မောင်လွင်၊ အောင်ရဲသွင် ဓာတ်ပုံ-မောင်သွင်

 

mdn