ရွှေဘို ၃ သြဂုတ် 


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာအောင် ယခုလို သက်ဆိုင်ရာတာန်ရှိသူများက ကဏ္ဍစုံကို အားလုံးပူးပေါင်း ဝိုင်းဝန်းဆွေးနွေးပေးကြတဲ့အတွက် များစွာကျေးဇူးတင် ဝမ်းမြောက်ပါကြောင်းနှင့် အခုလို သက်ဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုများကို အလေးအနက်ထား အားပေးပါကြောင်း အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။


ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းဆိုင်ရာဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာခင်မာချိုက သုတေသနပြုလုပ်ရခြင်းအကြောင်းအရင်းနှင့် အစည်းအဝေးတွင် ဆောင်ရွက်ရမည့် အစီအစဉ်များကို ပရိုဂျက်တာဖြင့် အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြပြီး  တက်ရောက်လာကြသူများ၏ ဆွေးနွေးချက်များကို ဖြည့်စွက်ဆွေးနွေးကာ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။


အဆိုပါ အစည်းအဝေးသည် ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၁၃/၂၀၁၉) အစီအစဉ် (၄၂) ၏ သဘောတူခွင့်ပြုပြီးဖြစ်သည့် Capacity Development Fund -CDF အစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေါက်တာခင်မာချို ဦးဆောင်သည့် Mekong Economics/Myanmar Research Team သည် သက်ဆိုင်ရာ တက္ကသိုလ်များ၊ ကောလိပ်များ၊ အသက်မွေးပညာသင်ကျောင်းများ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ တောင်သူများထံမှ လိုအပ်ချက်များ၊ အကြံပြုသုံးသပ်ချက်များကို ရရှိရန် မျှော်လင့်၍ အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေဘိုမြို့ လိပ်ချင်းကျေးရွာအနီး ရှေ့ပြေး အဆင့်မြင့်လယ်ယာ မြေဖော်ဆောင်ခြင်းစီမံကိန်းတွင် လယ်ယာမြေများ ဖော်ထုတ်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ တောင်သူများ အချိန်ကုန် ငွေကုန်သက်သာအောင် စိုက်ပျိုးရေး နည်းစနစ်များကို မှန်ကန်စွာ အသုံးချပြီး စိုက်ပျိုးသီးနှံများကို စိုက်ပျိုးနိုင်စေရေး၊ သီးနှံအထွက်နှုန်း ကောင်းမွန်စေရေး၊ ဈေးကွက်ကောင်းများ ရရှိစေရေးတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။


ထွန်းကိုကို(ယင်းမာပင်)

 

 

1