နေပြည်တော် ၃ သြဂုတ် 
    

မိတ္ထီလာခရိုင်အတွင်းရှိ မူလတန်းကြိုကျောင်းများ၊ ပရဟိတဂေဟာများ၊ သင်တန်းကျောင်းများမှ တာဝန်ရှိသူများ၊ မိဘများ၊ ဌာနဆိုင်ရာများနှင့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းဆိုင်ရာများညှိနှိုင်းဆွေးနွေးခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၊ အောင်မင်္ဂလာခန်းမ၌ ဆောင်ရွက်သည်။        
    

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွားဖြစ်သော အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှု ရရှိရေးနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးတို့ကို ဖေါ်ဆောင်ပေးရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကြာမီကပြဋ္ဌာန်းခဲ့သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်တို့တွင် ပါဝင်ပါကြောင်း၊ ဥပဒေအသစ်သည် ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ကလေးသူငယ်၏ အခွင့်အရေးများကို အကောင်အထည်ဖေါ်ဆောင်ရွက်ရန် ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီရရှိခံစားနိုင်ရေး လိုအပ်သော အစီအမံများချမှတ်ဆောင်ရွက်ရန်၊ ကလေးသူငယ်များအား လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းများကို ကာကွယ်စောင့်ရှောက်ရန်၊ ပြစ်မှုကျုးလွန်သောကလေးသူငယ်၏ အကျင့်စာရိတ္တပြုပြင်ရေးကို ဦးတည်ဆာင်ရွက်ရန်နှင့် တည်ဆဲဥပဒေအရသတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးနှင့် အကာအကွယ်တို့ကို ကလေးသူငယ်အားလုံး တန်းတူညီမျှရရှိစေပြီး ခွဲခြားဆက်ဆံခြင်းမပြုရန်တို့ကို ရည်ရွယ်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း။
    

ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းဥပဒေကို အကောင်အထည်ဖေါ်ရာတွင် လူ့ဘဝစက်ဝန်းအစ ပဋိသန္ဓေတည်စမှစ၍ အသက် (၈)နှစ်အထိ ရှေးဦးအရွယ်ကလေးသူငယ်ကာလအတွင်း စနစ်တကျပြုစလေ့ကျင့်ပေးခြင်းဖြင့် ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစွာရရှိပြီးသင်ကြား၊ သင်ယူမှုအခြေခံကောင်းများရရှိသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မွေးစမှ (၃)နှစ်အတွင်း နေ့ကလေးထိန်းကျောင်းများ၊ (၃)နှစ်မှ (၅)နှစ်အထိမူကြိုကျောင်းများဖြင့် ပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် လုံလောက်ရန်များစွာ လိုအပ်နေသေးကြောင်း။
    

ကာကွယ်စောင့်ရှောက်မှုလိုအပ်သော ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် ပြုစုပျိုးထောင်ရန်ဝန်ကြီးဌာနက စောင့်ရှောက်ရေးဂေဟာများ၊ သင်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသကဲ့သို့ ပရဟိတဂေဟာများ၊ သင်တန်းကျောင်းများ ဖွင့်လှစ်စောင့်ရှောက်ပေးနေသော လူမှုအဖွဲ့အစည်းများစွာလည်းရှိကြောင်း၊ ယင်းအဖွဲ့အစည်းများအနေဖြင့် ဂေဟာ/ သင်တန်းကျောင်းများတွင် လူမှုဝန်ထမ်းဦးစီးဌာနက ချမှတ်ထားသည့်အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများကို လိုက်နာရန် လိုပါကြောင်း။
    

ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက မူလတန်း ကြိုကျောင်းများတည်ထောင်လိုပါက လိုက်နာရန်လိုအပ်သည့် အချက်အလက်များလည်း ချမှတ်ထားပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းများကို လာမည့်ဘဏ္ဍာရေးနှစ်တွင် မြို့နယ်များအထိတိုးချဲ့ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း၊ သင်တန်းတက်ရောက်ရန် သက်ဆိုင်ရာခရိုင်၊ မြို့နယ်ရုံးများတွင် လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၏ (၂၄)နာရီ ဝန်ဆောင်မှုဖုန်းများကိုလည်းကောင်း ဆက်သွယ်စာရင်းပေးသွင်း တက်ရောက်နိုင်ပါကြောင်းဖြင့် ပြောကြားသည်။
    

ထို့နောက် မိတ္ထီလာခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူးက ကလေးသူငယ်အခွင့်ရေးများအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး မိတ္ထီလာခရိုင်အတွင်း ကလေးသူငယ်မှုခင်းဖြစ်ပွားမှုများတွင် ကူညီစောင့်ရှောက်ပေးသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်ကြသူများက ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းအတွက် သိရှိလိုသည်များကိုမေးမြန်ရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြသည်။ ထို့နောက် ကလေးသူငယ်များအားနည်းစနစ်ကျသော အမှိုက်စွန့်ပစ်ခြင်းသရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့ပြီး အာဟာရမုန့်များ ပေးဝေခဲ့ကြသည်။
    

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာဘိုးဘွားရိပ်သာသို့ ရောက်ရှိကြပြီး ရိပ်သာတာဝန်ရှိသူများက မိတ္ထီလာဘိုးဘွားရိပ်သာ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဘိုးဘွားများအား ဂါရဝပြုနှုတ်ဆက်၍ ထောက်ပံ့ငွေများ လှူဒါန်းပေးအပ်သည်။
    

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေတ္တာရိပ်မြုံလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ရောက်ရှိကြပြီး ဂေဟာရှိလူငယ်များအား အားပေးစကားပြောကြားခြင်း၊ ကလေးသူငယ်များက ရိုးရာသီချင်းများ၊ ရိုးရာသိုင်းသရုပ်ပြကကွက်များဖြင့် တင်ဆက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးကကလေးများ၏ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းညှိနှိုင်းပေးခြင်း၊ အာဟာရမုန့်များပေးဝေခြင်းနှင့် ကျောင်းသုံးစားအုပ်များကို ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့သည်။
    

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှေ့ဆောင်မျက်မမြင်ကျောင်းသို့ သွားရောက်ပြီး ကျောင်းသားများအား နှုတ်ဆက်စကားပြောကြားပြီး ကျောင်းသားများက မျက်မမြင်သံစုံတီးဝိုင်းဖြင့် တင်ဆက်ခြင်း၊ ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ငွေများပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ ညောင်ကိုင်းပရဟိတဂေဟာသို့ ရောက်ရှိပြီး ဂေဟာရှိတာဝန်ရှိသူများနှင့်အတူ လူငယ်များအား နှုတ်ဆက်အားပေးစကား ပြောကြားခြင်း၊ လိုအပ်ချက်များ မေးမြန်ဖြည့်ဆည်းပေးခြင်းနှင့် ကျောင်းသုံးစာအုပ်များ ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်