ရန်ကုန် ၃ သြဂုတ်
အတွေးနှင့် အိပ်မက်များကို တမူထူးခြားစွာ ခံစားရေးဖွဲ့ထားသည့် စာရေးဆရာ လင်္ကာရည်ကျော်(ခ) ဒေါက်တာရဲမြင့်ကျော်၏ အိပ်မက်ဖက် အမည်ရှိ စာအုပ်သစ် မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ လှည်းတန်းစင်တာ၌ ကျင်းပသည်။
"ဒီစာအုပ်က ငယ်ငယ်တုန်းက မက်ခဲ့ဖူးတဲ့ အိပ်မက်တွေပေါ်မှာ မူတည်ပြီးတော့ ဇာတ်လမ်းလေးဖြစ်အောင် ဆင်လိုက်တာပါ။ ထိုးဇာတ်ကလေးတွေရော တကယ်အဖြစ် အပျက်တွေရော နည်းနည်းပါတယ်။ ၁၉၈၈-၉၀ ခုနှစ် နောက်ခံသမိုင်းကြောင်းလေးတွေ လည်းပါတယ်။ ငယ်ငယ်တုန်းက မက်ခဲ့တဲ့ အိပ်မက်တွေ ဖြတ်သန်းလာခဲ့တဲ့ ခေတ်ကာလအခြေအနေတွေ၊ လူငယ်လူရွယ်ဘဝတုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ အဲအပေါ်မှာ ဆရာရဲ့သုံးသပ်ချက်တွေ ပရိသတ်တွေကိုပေးချင်တဲ့ Message တွေ ပေါင်းပြီး ရေးလိုက်တာပါ" ဟု စာရေးဆရာ လင်္ကာရည်ကျော်က ပြောသည်။
အဆိုပါ စာအုပ်တွင် ဆရာ၏ငယ်ဘဝ အိပ်မက်အကြောင်း၊ ဘာသာရေးနှင့် ပတ်သက်သည့် ကံကံ၏အကျိုးပေးပုံ၊ အိပ်မက်ဖက်ဆိုသည့် ခေါင်းစဉ်နှင့်အညီ လက်တွဲဖော် လက်တွဲဖက်ဘဝအကြောင်း စသည်တို့ကို မူရင်းရေးသားဟန်များမှ ကွဲထွက်ပြီး အတွေးနှင့်အိပ်မက်များကို ပေါင်းစပ်ကာ တမူထူးခြားစွာ ဖန်တီးရေးသား ထားသော ဝတ္ထုရှည်စာအုပ်သစ်ဖြစ်သည်။
"ဒီစာအုပ်ရဲ့ခေါင်းစဉ်မှာ အိပ်မက်ကတော့ အိပ်မက်တွေအများကြီးကြောင်း ထည့်ရေးထားလို့ အိပ်မက်လို့ပေးထားတယ်။ ဖက်ဆိုတာကတော့ လုပ်ဖော်ကိုင်ဖက် ကျောင်းတက်ဖော်၊ ကျောင်းတက်ဖက်၊ သွားဖော်သွားဖက်၊ အိပ်မက်ဖက်ဆိုပြီး ဘယ်သူမှတော့ တွဲမသုံးဘူးလေ ဘာလို့လဲဆိုတော့ အိပ်မက်ကတစ်ယောက်တည်း မက်တာလေ အတူတူမှမက်လို့မရတာ အတူတူမက်လို့ရတဲ့ အိပ်မက်တွေများရှိ သလားလို့ အဲဒီအမြင်လေးနဲ့ ရေးဖြစ်တာပါ" ဟု ဆရာက ဆက်လက်ပြောသည်။
အိပ်မက်ဖက် အမည်ရှိ ဝတ္ထုရှည်စာအုပ်သစ်သည် သရဖူမဂ္ဂဇင်း၌ အခန်းဆက် ဝတ္ထုအဖြစ် ဖော်ပြခဲ့ပြီး ၁၅ လကြာ ရေးသားခဲ့သော စာအုပ်ဖြစ်သည်။ ထိုစာအုပ်နှင့် ပတ်သက်ပြီး ဆရာ၏စာဖတ်ပရိတ်တစ်ဦးက "ဆရာရဲ့ စာအုပ်တွေ တော်တော်များများ ဖတ်ဖူးပါတယ်။ ဒီစာအုပ်ကတော့ အရင်စာအုပ်တွေမတူဘဲ ပုံစံလေးကွဲနေတာကို တွေ့ရတယ်။ ပန်းချီဆရာတစ်ယောက်ရဲ့ သူ့ကိုလွမ်းမိုးနေတဲ့ အိပ်မက်တွေ အကြောင်းကို ရေးထားတဲ့အတွက် ပုံစံလေးကွဲထွက်နေတာကို မြင်ရတယ်။ ဒီစာအုပ်ကို ဖတ်လိုက်ရတဲ့အတွက် ရရှိလာတဲ့အသိတစ်ခုကတော့ လူတစ်ယောက်ဟာ ကိုယ်ဝါသနာပါတဲ့အရာကို ငယ်ငယ်ကတည်းက တစိုက်မတ်မတ်နဲ့ ကြိုးစားဆောင်ရွက်မယ်ဆိုရင် တစ်ချိန်ကျရင် အောင်မြင်လာနိုင်တယ်ဆိုတာ သေချာတဲ့ အသိလေးတစ်ခုကို ရရှိလိုက်ပါတယ်"ဟု ပြောဆိုသည်။
ယနေ့ ပြုလုပ်သည့် စာအုပ်သစ်မိတ်သစ်ပွဲသို့ စာရေးဆရာမ ပုညခင်၊ စာရေးဆရာမ စိမ့်စမ်းဖြူ၊ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်၊ နန်းဒေဝီစာပေမှ ထုတ်ဝေသူ ဒေါ်နန်းအိအိဇာတို့ တက်ရောက်၍ အမှတ်တရနှင့် မုဒိတာစကားများ ပြောကြားပြီး စာရေးဆရာလင်္ကာရည်ကျော်က တက်ရောက်လာသည့် စာဖတ်ပရိသတ်များအား စာအုပ်သစ်နှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်း ပြောကြားခြင်း၊ ပရိတ်သတ်များမှ သိလိုသည်များ မေးမြန်းခြင်းနှင့် အမှတ်တရ လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်သည်။
သတင်းနှင့်ဓာတ်ပုံ-အေးမင်းသူ


