ပန်းတနော် ၃ သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် သြဂုတ် ၃ ရက် ညနေ ၄ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ထွဋ်ချက်ကျေးရွာ၌ နေအိမ်တစ်လုံး၊ အင်းမကြီး ကျေးရွာ၌ နေအိမ်နှစ်လုံး၊ မအူချောင်းကျေးရွာ၌ နေအိမ်သုံးလုံး အမိုးလန်ပျက်စီးခဲ့ပြီး နေအိမ်နှစ်လုံး ပြိုကျပျက်စီးခဲ့သည်။အလားတူ ကြက်ကျွန်းကျေးရွာ၌ နေအိမ်တစ်လုံး ပြိုကျပျက်စီးခြင်း၊ ရွှေလှေကျေးရွာ၌ နေအိမ်တစ်လုံး အမိုးလန်ပျက်စီးခြင်း၊ ခနွှဲကဘိုကျေးရွာ၌ နေအိမ်တစ်လုံး အမိုးလန်ပျက်စီးခြင်း၊ ရွာသာကြီးကျေးရွာ၌ နေအိမ်ဆယ်လုံး အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်အမိုးလန်ပျက်စီးမှု စုစုပေါင်း (၁၈) လုံးနှင့် နေအိမ်ပြိုကျပျက်စီးမှု စုစုပေါင်း (၃)လုံးရှိကြောင်း သိရသည်။ 

လေပြင်းတိုက်ခတ်၍ နေအိမ်များပြိုလဲ၊ အမိုးလန်ပျက်စီးမှုများကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အိမ်ထောင်စုဝင်များအား နီးစပ်ရာဆွေမျိုးများ၊ အသိမိတ်ဆွေများ၏ နေအိမ်များတွင် ခေတ္တပြောင်းရွေ့နေထိုင်နိုင်ရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပတ်ဝန်းကျင်နေအိမ်များက ကူညီပြောင်းရွေ့ပေးလျက်ရှိပြီး နေအိမ်အမိုးများကို ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)