နေပြည်တော် ၃ သြဂုတ် 


တတိယအကြိမ် မြန်မာ့ကျောက်မျက်ရတနာနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ အသင်းတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက ၂၀၁၇ ခုနှစ်မှ စတင်၍ သြဂုတ်လ ၃ ရက်ကို ကျောက်မျက်ရတနာကဏ္ဍ၏ နေ့ထူးနေ့မြတ်၊ မြန်မာ့ကျောက်မျက်ရတနာနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း စတင်တည်ထောင်ခွင့် ရရှိသည့်အချိန်မှစ၍ မြန်မာနိုင်ငံအတွင်း ကျောက်မျက်ရတနာ ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းခွဲများ တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်ခဲ့သည့်အပြင် ဒေသခံ တိုင်းရင်းသားများ၏ ကျောက်မျက်ရတနာ လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရေး ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။


မြန်မာ့ကျောက်မျက်ရတနာများသည် နိုင်ငံအတွက် နိုင်ငံခြားငွေ ရှာဖွေပေးနိုင်သကဲ့သို့ အခွန်ဘဏ္ဍာများစွာရရှိပြီး နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူ ပြုလျက်ရှိပါကြောင်း၊ ကျောက်မျက်ရတနာကဏ္ဍသည် နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖော်ဆောင်ပေးနေသည့် စီးပွားရေးကဏ္ဍတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ မြန်မာ့ကျောက်မျက်ရတနာကဏ္ဍ၏ နေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ ရည်ရွယ်ချက်များ ပြည့်ဝအောင်မြင်စေရန်နှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏အကျိုး၊ နိုင်ငံတော်အကျိုးကို ရှေ့ရှု၍ မြန်မာ့ကျောက်မျက်ရတနာများကို သားစဉ်မြေးဆက် ထုတ်ယူသုံးစွဲနိုင်ရေး တာဝန်ရှိသူများအားလုံးက စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး အသင်း၏ စတုတ္ထသက်တမ်းဥက္ကဋ္ဌ ဦးရုံးမူက မြန်မာ့ ကျောက်မျက်ရတနာနေ့အတွက် ဂုဏ်ပြုစကားပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက လှူဒါန်းသည့် ဂေဟစနစ် ဖြည့်တင်းရေး စိုက်ခင်းဧက (၁၀ဝ) အတွက် အလှူငွေများကို လက်ခံရယူပြီး အသင်းဥက္ကဋ္ဌအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။


ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက မြန်မာ့ကျောက်မျက်ရတနာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပြပွဲများကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ကြသူများနှင့် အသင်းအဖွဲ့များကို ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ ဒသမအကြိမ် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ဆက်လက်ကျင်းပရာ အသင်းအလုပ်အမှုဆောင် အဖွဲ့၏ (၂၀၁၈-၂၀၁၉) ခုနှစ်အတွက် နှစ်ပတ်လည် အစီရင်ခံစာ အကျင်းချုပ်ကိုတင်ပြခြင်း၊ ငွေစာရင်း နှစ်ချုပ်ရှင်းတမ်း ရှင်းလင်းခြင်းနှင့်အသင်း၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းဆိုင်ရာများ ရှင်းလင်းတင်ပြခြင်းများကို ဆောင်ရွက်ကြသည်။                        


သတင်းစဉ်

 

 

1