mdn

နေပြည်တော် ၄ ဩဂုတ်

 

ယခုဩဂုတ်လသည် မိခင်များနှင့်ကလေးလူငယ်များ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည့်လ ဖြစ်သည်။ ဩဂုတ်လပထမပတ်မှ စတုတ္ထပတ်အထိ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအဖြစ် သတ်မှတ်ကာ ပထမပတ်ကို မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယပတ်ကို ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးနှင့် လူငယ်များ အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထပတ်ကို အိုင်အိုဒင်းချို့တဲ့မှုကြောင့် ဖြစ်ပွားသောရောဂါများ ပပျောက်ရေးနှင့် အစာတွင် အဏုအာဟာရ ဖြည့်စွက်ရေး ရက်သတ္တပတ်အဖြစ် မြန်မာတစ်နိုင်ငံ လုံးတွင် လွှမ်းခြုံဆောင်ရွက်သွားမှာ ဖြစ်သည်။ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ သတ်မှတ် ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူလူထု၏ အာဟာရဆိုင်ရာ အသိသုတများမြင့်မားလာပြီး စားသောက် နေထိုင်မှုအမူအကျင့်များ ပိုမိုတိုးတက်လာသည်နှင့်အမျှ မိခင်များနှင့်ကလေးများ အာဟာရပြည့်၀ ကျန်းမာခြင်းဟူသော ရလဒ်ကောင်းများ ရရှိလာနိုင်မည်လည်း ဖြစ်သည်။

 

ဩဂုတ်လ၏ ပထမအပတ်သည် မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ် ဖြစ်သည့်အလျောက် မိခင်နို့ တိုက်ကျွေးခြင်းအားဖြင့် ကလေးနှင့်အတူ မိခင်အတွက်ပါ အကျိုးဖြစ်ထွန်းစေကြောင်း အသိသုတတို့ မျှဝေလိုသည်။ မြန်မာနိုင်ငံတွင် မွေးကင်းစမှ ခြောက်လအထိအရွယ် ကလေးငယ် လေးဦးလျှင် တစ်ဦးသာမိခင်နို့ သောက်သုံးခွင့်ရသည်ဟူသော သုတေသန စစ်တမ်းတွေ့ရှိချက်ကလည်း အသိ ပညာပေးမှုများ အရှိန်မြှင့်ဆောင် ရွက်ရန် လိုအပ်နေသေးသည်ဟု ဆိုနေသည့်သဖွယ်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်များ ကျင်းပကာ မွေးကင်းစမှ ခြောက်လအထိ ကလေးများကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရန် နှစ်စဉ်ပညာပေးလာခဲ့သည်မှာ ယခုနှစ် အပါအဝင် ၂၈ နှစ်ပင် ရှိခဲ့ပြီ။ မိခင်နို့တိုက်ကျွေးရေးပညာပေးရက်သတ္တပတ်များ စတင် ကျင်းပခဲ့သည့် အစောပိုင်းနှစ်များက မွေးဖွားခဲ့သော သမီးငယ်များသည်ပင် မိခင်များ၊ မိခင်လောင်းများ ဖြစ်လာကြပြီ။ နို့တိုက်မိခင်များမှာ မိမိ ကိုယ်တိုင်အာဟာရပြည့်ဝကာ စားသောက်တတ်ရမည်ဖြစ်သည်။

 

မိခင်နို့သည် မွေးခါစကလေးအတွက် အကောင်းဆုံးအာဟာရဖြစ်သည်။ မွေးဖွားပြီးစ နာရီဝက် အတွင်း မိခင်နို့ကို စတင်တိုက်ရမည်။ မီးဖွားပြီး တစ်ရက်၊ နှစ်ရက်အတွင်း ထွက်သည့်နို့ရည်ကြည် (နို့ဦးရည်)သည် ကလေးကို မဖြစ်မနေတိုက်ကျွေးရမည့် သက်စောင့်ဓာတ်ဖြစ်သည်။ အသက် ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ရန်၊ ရေ အပါအဝင် မည်သည့်အရည်အဖတ်မျှ မတိုက်မကျွေးရန်လည်း တိုက်တွန်းထားသည်။ မိခင်နို့ကို ကလေးအသက်တစ်နှစ်ခွဲ၊ နှစ်နှစ် အရွယ်အထိ တိုက်နိုင်သည်။

 

မွေးကင်းစကလေးများ အသားဝါခြင်းတွင် မိခင်နို့ကိုသေချာစွာ တိုက်ကျွေးခြင်းက အဓိကကုသမှု ပင်ဖြစ်သည်။ နို့ရည်မှရသော အာဟာရ ဓာတ်က ကလေးကို ဆီး၊ ဝမ်းများ သွားစေပြီး အသားဝါဓာတ်ကို လျော့ကျ သွားစေနိုင်သည်။ နို့မှုန့်နှင့် အခြားဖြည့်စွက်စာကို အားထားနေကြရသည့် ကလေးများမှာမူ ဝမ်းပျက်ဝမ်းလျှော၊ အဆုတ်ရောင်၊ အဝလွန်၊ ဆီးချို သွေးချို၊ ပန်းနာရင်ကျပ်တို့ ဖြစ်နိုင်သည်။ 

 

မိခင်နို့ တိုက်ကျွေးခြင်းက ကလေးကိုသာမက ကလေးမိခင်ကိုပါ အကျိုးဖြစ်ထွန်း နိုင်သည်။ ကလေးကို နို့တိုက်ကျွေးရာတွင် ထွက်လာသော ဟော်မုန်းက မိခင်၏ သားအိမ်ကို ကျုံ့စေပြီး သားအိမ်မှသွေးသွန်ခြင်းကို သက်သာစေသည်။ သားအိမ်ကို ချပ်စေသည်။ နို့တိုက်မိခင် တစ်ဦး အသက်ကြီးလာချိန်တွင် နှလုံးရောဂါဖြစ်နိုင်ချေကို ပိုနည်းစေသည်။ မိခင်နို့တိုက်သည့်ကာလကြာလေ နှလုံးရောဂါအန္တရာယ် ပိုနည်းလေဖြစ်သည်ဟု သုတေသန တစ်ရပ်က ဆိုသည်။ ကျန်းမာရေးနှင့်ညီညွတ်သည့် ကိုယ်အလေးချိန် ထိန်းသိမ်းမှုကို အထောက် အကူပြုနိုင်ပြီး သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်သည့်အတွက် ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ချေကို လျော့နည်းစေနိုင်သည်။ 

 

နို့စို့အရွယ်ကလေးများ အာဟာရဖွံ့ဖြိုးခြင်းက ၎င်း၏ဘဝတာအတွက် အရေးပါသည်။ အာဟာရပြည့်၀ ကျန်းမာသည်နှင့်အမျှ ကြံ့ခိုင်သန်စွမ်းခြင်း၊ ဥာဏ်ရည်ထက်မြက်ခြင်း ရလဒ်များနှင့်အတူ ကာယဗလ၊ ဥာဏဗလတို့ဖွံ့ဖြိုးကာ နိုင်ငံအတွက်လည်း အနာဂတ်လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်ထွန်းလာ နိုင်မည်။ အာဟာရချို့တဲ့ အားနည်းကာ ပိန်လှီချည့်နဲ့၍ နိုင်ငံအတွက် ကျန်းမာရေးဝန်ထုပ်ဝန်ပိုးများ ဖြစ်မလာ စေရန်မှာ အာဟာရ ဖွံ့ဖြိုးရေးသည် အဓိကဖြစ်ပါကြောင်း။

 

မြန်မာ့အလင်း