ကျိုက်မရော ၄ သြဂုတ်
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ အတ္တရံမြစ်ရေ တိုးလာသဖြင့် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ကမ်းနားလမ်းနှင့် ရှင်စောပုရပ်ကွက်(၁)ရှိ နေအိမ်အချို့တွင် ရေများဝင်ရောက်နေပြီး အဆိုပါရပ်ကွက်ရှိ အိမ်များမှ အချို့နေအိမ်များ ကုန်းမြင့်ရာနေရာများသို့ ပစ္စည်းများ စတင်ပြောင်းရွှေ့လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
ယခင်နှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်း ရေကြီးနစ်မြုပ်မှုကို ခံစားခဲ့ကြသဖြင့် အချို့ဒေသခံများက ယခင်နှစ်ကလို ရေပြန်ကြီးမည်ကို စိုးရိမ်နေကြကြောင်းလည်း ဒေသခံများထံမှ သိရသည်။ ယခုရက်ပိုင်းအတွင်း လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်သဖြင့် မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီမှ ရေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်ထားကြောင်း၊ ပြည်သူများ စိုးရိမ်မှုမလွန်ကဲကြစေရန် အသိပညာပေးဟောပြောပွဲများနှင့် ရေဘေးကာကွယ်ရေး ပညာပေးလက်ကမ်းများကိုလည်း ကြိုတင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)


