ရန်ကုန် ၄ သြဂုတ်
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန် အဆင့်မြှင့်တင်ဖော်ဆောင်ရေး တွေ့ဆုံဆွေးနွေးပွဲကို စက်မှုဇုန် အစည်းအဝေးခန်းမတွင် သြဂုတ် ၃ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်အဆင့်မြှင့်တင်ရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ မြောင်းတကာစက်မှုဇုန် ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က မြောင်းတကာစက်မှုဇုန်အား အဆင့်မြှင့်တင်ဖော်ဆောင်ရေးအတွက် လိုအပ်သည့် အစီအမံများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြောင်းတကာစက်မှုဇုန်ဥက္ကဋ္ဌ ဦးရွှေထူးနှင့် တာဝန်ရှိသူများက မြောင်းတကာ သံမဏိသံရည်ကျို စက်မှုဇုန်အတွင်းရှိ စက်ရုံပိုင်ရှင်များ၊ အလုပ်သမားများ၊ ဒေသခံရွာသူရွာသားများ၏ သားသမီးများ ဖြစ်သော မူလတန်းဆင့် ကျောင်းသားကျောင်းသူ ၁၈၀ ကျော် တို့သည် အခက်အခဲများစွာဖြင့် မှော်ဘီမြို့နယ်အထိ သွားရောက်ပညာသင်ကြားနေရပါသဖြင့် ဇုန်အတွင်း၌ရှိသော နှစ်ထပ်မူလတန်းကျောင်းဆောင်သစ်တွင် ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရေး၊ မြောင်းတကာ စက်မှုဇုန်အတွင်းရှိ အလုပ်သမား ၃၃၀၀ ကျော်၏ ကျန်းမာရေးကိစ္စများတွင် မှော်ဘီဆေးရုံသို့ ခရီးဝေးသဖြင့် အချိန်ကြာမြှင့်စွာ သွားနေရပါသောကြောင့် လူမှုဖူလုံရေးဆေးခန်း သို့မဟုတ် လူမှုဖူလုံရေးဆေးရုံအား ဇုန်ကော်မတီ၏ စီမံခန့်ခွဲမှုရှိသည့် မြေဧရိယာထဲမှ လျာထားပြီးဖြစ်ပါ၍ တည်ဆောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးမည့်ကိစ္စ၊ အလုပ်သမားများအတွက် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပေးမည့် အစီအစဉ်များ၊ ကျူးကျော်အိမ်ရာများကိစ္စ၊ မီးသတ်စခန်း၊ ရဲစခန်း၊ ဈေးနှင့် စက်မှုဇုန်အတွင်း ရေကြီးရေလျှံမှုမဖြစ်စေရေး ရေမြောင်းများ တူးဖော်မည့်အစီအစဉ်များ၊ စက်ရုံ ၅၈ ရုံမှထွက်သော ရေဆိုးများကို စွန့်ပစ်ရန် ရေဆိုးမြောင်းများ တူးဖော်ရန်နှင့် ရေဆိုးမြောင်းများမှတစ်ဆင့် ရေဆိုးများစွန့်ပစ်မည့်နေရာကိစ္စများကို ရှင်းလင်းတင်ပြခဲ့သည်။
ရှင်းလင်းတင်ပြချက်များနှင့် ပတ်သက်၍ ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး စက်မှုဇုန်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။
ဆန်းကျော်ဦး (ပြန်/ဆက်)


