ပဲခူး ၄ ဩဂုတ်
ပဲခူးမြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများသည် နယ်ပယ်အသီးသီးမှ ခွေးရူးပြန်ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူများကို စနစ်တကျ ထိုးနှံပေးလျက်ရှိရာ ယခင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် မေလအထိ ခွေးရူးပြန်ကာကွယ်ဆေး လာရောက်ထိုးသူလူနာနှင့် ၂၀၁၉ ဇွန်လနှင့် ဇူလိုင်လတို့တွင် ခွေးရူးပြန်ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူလူနာ နှိုင်းယှဉ်လျှင် ထက်ဝက်ကျော် ကျဆင်းသွားကြောင်း သိရသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလမှစတင်၍ ခွေးကိုက်ခံရမှုကြောင့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး လာရောက် ထိုးနှံသူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကုသရေးဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆေးရုံအထောက်အကူပြုကော်မတီနှင့် အလှူရှင်များ၏ပံ့ပိုးကူညီမှု၊ ခွေးကိုက်ခံရသူ လူနာများ၊ လူနာရှင်များတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အခမဲ့ထိုးနှံပေးခဲ့ပြီး တာဝန်ရှိသူများအနေဖြင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေး ပြတ်လပ်မှုမရှိစေရန်အတွက်လည်း ကြိုးစားဆောင်ရွက်ကြသည့်အပြင် ဆေးရုံအုပ်ကြီး အပါအဝင် ဆေးရုံဝန်ထမ်းများအနေဖြင့် ခွေးကိုက်ခံရသူများကို ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးခြင်း၊ ခွေးကိုက်မခံရစေရေးနှင့် ခွေးရူးပြန်ရောဂါမဖြစ်ပွားစေရေး အသိပညာပေးဟောပြောခြင်း၊ ခွေးကိုက်ခံရသူများ၏ စာရင်းအား စနစ်တကျပြုစုထားရှိခြင်းတို့ကို နေ့စဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က "၂၀၁၈ ခုနှစ် နိုဝင်ဘာလမှစ၍ ပဲခူးပြည်သူ့ဆေးရုံကြီးတွင် ခွေးကိုက်ခံရမှုကြောင့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ သိသိသာသာ ပိုမိုများပြားလာသည့်အတွက် ပဲခူးဆေးရုံကြီးအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆေးရုံအထောက်အကူပြုကော်မတီနှင့် အလှူရှင်များ၏ပံ့ပိုးကူညီမှု၊ ခွေးကိုက်ခံရသူ လူနာများ၊ လူနာရှင်များတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဆေးရုံကြီး၌ ခွေးရူးပြန်ရောဂါကာကွယ်ဆေး ပြတ်လပ်မှု မရှိစေရန် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် တိရစ္ဆာန်ချစ်သူများ၊ စိတ်ပါဝင်စားသူများ၊ စည်ပင်သာယာရေး အဖွဲ့များ၊ နှီးနွယ်ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်း၍ ခွေးလေခွေးလွင့်များကို စနစ်တကျ ထိန်းချုပ်နိုင်ရေး လုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ အဆင့်ဆင့်သော ဆေးရုံဝန်ထမ်းများအနေဖြင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးခြင်း လုပ်ငန်းအပြင် ခွေးကိုက်မခံရစေရေးနှင့် ခွေးရူးပြန်ရောဂါ မဖြစ်ပွားစေရေး အသိပညာပေး ဟောပြောခြင်း၊ ခွေးကိုက်ခံရသူများ၏ စာရင်းအား စနစ်တကျပြုစုထားရှိခြင်းတို့ကို နေ့စဉ်အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်၊ Stakeholders များအားလုံး ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးရလဒ်အဖြစ် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် မေလအထိ ခွေးကိုက်ခံရသူလူနာအသစ် တစ်လပျမ်းမျှ ၇၆၈ ဦး၊ စုစုပေါင်းကာကွယ်ဆေးထိုးပေးရသူ တစ်လပျမ်းမျှ ၂၅၈၈ ဦး၊ အသုံးပြုကာကွယ်ဆေးအလုံးရေ ၁၂၉၈ လုံး ရှိခဲ့ပြီး ယခုနှစ် ဇွန်လနှင့် ဇူလိုင်လတို့တွင် ခွေးကိုက်ခံရသူလူနာအသစ် တစ်လပျမ်းမျှ ၃၆၃ ဦး၊ စုစုပေါင်းကာကွယ်ဆေးထိုးပေးရသူ တစ်လပျမ်းမျှ ၁၂၈၂ ဦး၊ အသုံးပြုကာကွယ်ဆေးအလုံးရေ ၆၄၈ လုံးသာဖြစ်၍ ထက်ဝက်ခန့် ကျဆင်းသွားသည်ကို တွေ့ရှိရတဲ့အတွက် အလွန်ပီတိဖြစ်ရပါတယ်၊ ပူးပေါင်းဆောင်ရွက်ပေးသူများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ဟု"ပြောကြားသည်။
ယခုဆိုလျှင် ခွေးများမျိုးပေါက်ပွားမှု လျော့နည်းလာစေရေးအတွက် ပဲခူးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် စည်ပင်သာယာဝန်ထမ်းများသည် ပဲခူးမြို့ပေါ်ရှိ လေလွင့်ခွေးများကို ထပ်မံမျိုးပွားလာမှုမရှိစေရန်အတွက် ထိန်းချုပ်ပေးသည့်အနေဖြင့် သန္ဓေတားဆေး/မျိုးမပွားဆေးများ လိုက်လံထိုးပေးလျက်ရှိကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


