မင်းဘူး ၄ သြဂုတ်
ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါး သုံးစွဲမှု မရှိစေရန်နှင့် လူကုန်ကူးမှု အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ် ၂ ရပ်ကွက်၊ အ.ထ.က(ခွဲ) မြို့မကျောင်းတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက ကျောင်းသား/ကျောင်းသူများအား မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့မကျောင်းအုပ်ဆရာမကြီး ဒေါ်တူးတူးက အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းထိန်က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပတ်သက်သည့် ဆောင်ရန် ရှောင်ရန်များကို လည်းကောင်း၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ငြိမ်းက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများ၊ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများအတွက် ပြစ်မှုပြစ်ဒဏ်များ၊ ခိုးဆိုးလုနှိုက်အမှုများ လျော့နည်းကျဆင်းရေး ကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဇော်က မူးယစ်ဆေးဝါး သုံးစွဲခြင်း ဆိုးကျိုးများနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မင်းဘူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းထိန်၊ မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဇော်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ငြိမ်း၊ မြို့မကျောင်းအုပ်ဆရာမကြီး ဒေါ်တူးတူးနှင့် ဆရာ/မ များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၀၃၀)ဦး တက်ရောက်ကြပြီး တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)


