စဉ့်ကူး ၄ သြဂုတ်
မြန်မာတို့သည် ရှေးအစဉ်အဆက်ကတည်းက ရိုးရာအိမ်အသုံးအဆောင်ပရိဘောဂ ပစ္စည်းများကို သစ်သားများဖြင့် ပုံဖော်ကာသုံးစွဲလာခဲ့ကြသည်။ ယခုအခါ သစ်တောများပြုန်းတည်းမှုများရှိလာပြီး သစ်သား(ကျွန်းသား) ရှားပါးလာပြီး အိမ်အသုံးအဆောင် ပရိဘောဂပစ္စည်းများကို စတီးသံပန်းများဖြင့် အစားထိုး အလှဆင်ကာ လွယ်ကူပေါ့ပါးစွာ သုံးစွဲမှုများလာကြောင်း စတီးသံပန်းလက်မှုပညာရှင်များထံမှ သိရသည်။
"ကျွန်တော် အရင်ကအိမ်သုံးပရိဘောဂ ပစ္စည်းများကို အသား (ကျွန်းသား) ဖြင့် ပြုလုပ်ပြီး အသက်မွေးခဲ့သူပါ။ ယခုအခါ သစ်တောသစ်ပင်များလည်း ပြုန်းတည်းလာပြီး အသားရှားပါးလာမှု ပြည်သူတွေကလဲ စတီးသံပန်းနဲ့ပြုလုပ်တဲ့ အိမ်အသုံးအဆောင်များကို ကြိုက်နှစ်သက်လာမှုတို့ကြောင့် အသားနဲ့ လာရောက်အပ်နှံ လုပ်ခိုင်းတဲ့သူတွေမရှိတော့တာကြောင့် အလုပ်ပြောင်းပြီး စတီးသံပန်းအလှဆင်လုပ်ငန်းကို သင်ယူပြောင်းလဲလုပ်ခဲ့ရပါတယ်" ဟု စတီးသံပန်း ပရိဘောဂ အလှဆင်ပညာရှင် တစ်ဦးကပြောပြသည်။
ယခုအခါ အိမ်သုံးပရိဘောဂများကို အသားဖြင့်ပြုလုပ်သုံးစွဲမှု မရှိသလောက်နည်းပါးလာပြီး စတီးခုတင်၊ စတီးရေအိုးစင်၊ စတီးကုလားထိုင်၊ စတီးစားပွဲ၊ စတီးတံခါး စသည်ဖြင့် အိမ်သုံး လူသုံးပရိဘောဂများကို စတီးသံပန်းများဖြင့်သာ ပြုလုပ်သုံးစွဲလာကြပြီး အသားဖြင့်ပြုလုပ်ရောင်းချသော ပရိဘောဂလက်သမားများ စတီးသံပန်းအလှဆင်ပညာဘက်သို့ ပြောင်းလဲသင်ယူ အသက်မွေးမှုများလာကြောင်းနှင့် အသားဖြင့် ပြုလုပ်အသက်မွေးသူ ပရိဘောဂလက်သမားများ ရှားပါးလာနေပြီးဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(စဉ့်ကူး)


