မြောင်းမြ ၄ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော လူငယ်ရေးရာမူဝါဒ မိတ်ဆက်ရှင်းလင်းပွဲနှင့် လူငယ်များအတွက် လက်တွေ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီက မြောင်းမြပညာရေးကောလိပ်၊ မြရတုခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနား၌ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇာနည်တင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ကိုစိုးမိုးမှ ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းလူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ကိုမျိုးသူရကိုကိုမှ မြန်မာနိုင်ငံ၏ လူငယ်ရေးရာမူဝါဒ မိတ်ဆက်ရှင်းခြင်းနှင့် ကော်မတီ၏ လုပ်ငန်းစဉ်များကိုလည်း ဆက်လက် ဆွေးနွေးပေးခဲ့သည်။
ထို့နောက် အောင်ဗောဓိလူမှုကူညီရေးနှင့် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဝေထက်အောင်က လူငယ်များ၏ လက်တွေ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးရာ တက်ရောက်လာသော ပညာရေးကောလိပ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စန္ဒာမိုး (ပြန်/ဆက်)


