သထုံ ၄ သြဂုတ်
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးခဲ့ရသူများအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို သြဂုတ် ၄ ရက်၊ နံနက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် သထုံမြို့နယ်မဲဆန္ဒ နယ်မြေအမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က သြဂုတ် ၂ ရက် ည ၁၁ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုဖြစ်စဉ်နှင့် ထောက်ပံ့ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက မွန်ပြည်နယ်အတွင်း သဘာဝဘေးဖြစ်ပွားခဲ့မှု အခြေနေများကိုရှင်းလင်းကာ လေပြင်းဘေးဒဏ်သင့် ပြည်သူများကို အားပေးစကားပြောကြားသည်။
ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်နှင့် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်တို့က အစိုးရအဖွဲ့မှ ထောက်ပံ့ကြေးပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းအမှာစကားများ ပြောကြားခဲ့ကြပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့က သထုံမြို့နယ်အတွင်းရှိ လေပြင်းဘေးသင့်အိမ်ခြေ ၁၂၇ လုံးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေကျပ် သိန်း ၅၀ အား ပေးအပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြသည်။
ထောက်ပံ့ကြေးပေးအပ်ရာသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သထုံမြို့နယ်အတွင်းရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ် သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးခဲ့ရသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)


