ကြာအင်းဆိပ်ကြီး ၄ သြဂုတ်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇမိမြစ်ရေလျှံကာ အမှတ်(၆)ရပ်ကွက်ရှိ မြေနိမ့်ပိုင်းတွင် လူနေအိမ်များ ရေဝင်ရောက်နစ်မြုပ်လျက်ရှိရာ ရေဘေးရှောင်စခန်းတွင် ယာယီနေထိုင်လျက်ရှိသည်။
အဆိုပါရေဘေးရှောင်ပြည်သူများအား စားသောက်မှု အဆင်ပြေစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ရေဘေးရှောင်ပြည်သူများအား အားပေးစကားပြောကြားပြီး ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု(၇၆)စု လူဦးရေ(၃၃၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ကျပ် ၆၉၃၀ဝ၀ အားပေးအပ်ရာ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ညွှန့်က လက်ခံရယူပြီး လူမှုရေးဝန်ကြီးက ရေသန့်ဘူးများ ဆက်လက်ပေးအပ်ကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက လက်ခံရယူသည်။ထို့နောက် လူမှုရေးဝန်ကြီးသည် အမှတ်(၆)ရပ်ကွက်ရှိ ရေကြီးနစ်မြုပ်မှု အခြေအနေများနှင့် ရေဘေးရှောင်စခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)


