ရန်ကုန်  ၄  သြဂုတ် 

 

Pro 1 Global Home Center Myanmar နှင့် Wisdom House တို့ ပူးပေါင်းစီစဉ်သည့် Wisdom House စာအုပ်တိုက်(၁၃)နှစ်ပြည့်အထိမ်းအမှတ် လူငယ်နှင့် ပရော်ဖက်ရှင်ဟောပြောဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၂)နာရီတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ စာရေးဆရာ ဦးကြည်မင်းက လူငယ်နှင့်ပတ်သက်သည့် ရွေးချယ်ခွင့်များ၊ လူငယ်များကြီးပွားရန် အားဖြည့်လမ်းညွှန်စာပေများ၊ ဘဝအားမာန်ရအောင် ဖြည့်ဆည်းပေးရေးနှင့် လမ်းမှန်ရွေးတတ်စေရန် လမ်းညွှန်ပေးမည့် စာပေများရေးသား ရန်လိုကြောင်း၊ ဘဝဆိုသည်မှာ စီမံကိန်းရှိရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ စာရေးဆရာ ကြည်ရွှန်း က ပရော်ဖက်ရှင်ခေါင်းစဉ်ဖြင့် ဟောပြော ရာတွင် လူငယ်များသာမကဘဲ လူတိုင်းနှင့်သက်ဆိုင်သည့် ပရော်ဖက်ရှင်ရှိကြောင်း၊ အလုပ်လုပ်ရသည့်အခါတွင် ပရော်ဖက်ရှင်ဆိုသည့် အသက်မွေးဝမ်းကြောင်းဖြင့်လုပ်ရ ကြောင်း၊ အလုပ်ကိုရွေးချယ်သည့်အခါတွင် ကိုယ်နှင့်သင့်လျော်မှန်ကန်သည်ဆိုပါက ကြီးပွားအောင်မြင်ကြောင်း၊ လူများသည် ရောက်ရှိသည့်ဘဝတွင် ပျော်ရွှင်စိတ်ချမ်း သာစွာဖြင့် ကိုယ့်အသက်မွေးဝမ်းကြောင်းကို လုပ်ကိုင်ပါက အောင်မြင်နိုင်မည်ဖြစ် ကြောင်း၊ လူငယ်များအတွက် မိမိဘဝခရီးလမ်းတွင် တွေ့ကြုံလေ့လာခဲ့ရသည်များကို မျှဝေပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ဒေါက်တာတင်မမစိုး က အောင်မြင်ပျော်ရွှင် လုပ်ငန်းခွင်ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် မိမိတို့ရလာသည့် အလုပ်အကိုင်ကို လုပ်ငန်းခွင်တွင် အောင်မြင် ပျော်ရွှင်အောင် မည်ကဲ့သို့လုပ်ကိုင်ရမည်ဆိုသည့်အပိုင်း၊ လုပ်ငန်းခွင်တွင် အောင်မြင် ပျော်ရွှင်စွာ လုပ်ကိုင်နိုင်ရန် အလုပ်ကျွမ်းကျင်ရန်လိုကြောင်း၊ လုပ်ငန်းခွင်တွင်ရှိ သည့် လူများနှင့် အဆင်ပြေအောင် နေထိုင်တတ်ရန်လိုကြောင်း၊ သဘောထားမတူညီမှု များရှိပါက တူညီသည့်သဘောထားများဖြင့် ကိုင်တွယ်ဖြေရှင်းတတ်ရန်လိုကြောင်းတို့ကို ပြောကြားသည်။

 

ယင်းနောက် ဒေါက်တာဖြိုးသီဟ က ပရော်ဖက်ရှင်နယ်စိတ်ဓာတ်ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ပရော်ဖက်ရှင်နယ်တစ်ယောက်တွင် ရှိသင့်ရှိထိုက်သည့်စိတ်ဓာတ်ကို ဝေမျှသွားမည်ဖြစ်ကြောင်း၊ အလုပ်လုပ်ကြမည်ဆိုလျှင် ကျွမ်းကျင်မှုရှိရန်လိုကြောင်း၊ မလုပ်သင့်မလုပ်ထိုက်သည့်အရာများ၊ စိတ်ခံစားချက်များထိန်းရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်တွင် ထိခိုက်စေမည့် အပြုအမှုများဆင်ခြင်ရန်လိုကြောင်း၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်ရာတွင် ပရော်ဖက်ရှင်နယ်ဆန်ရန်လိုကြောင်း၊ ပရော်ဖက်ရှင်နယ်ပီပီသသ လုပ်မည်ဆိုလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အထောက်အကူဖြစ်မည်ဟု ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသူများက သိလိုသည်များ မေးမြန်းကြပြီး Wisdom House စာအုပ်တိုက် အထွေထွေမန်နေဂျာ ဦးမင်းကျော် (စာရေးဆရာ အေးကျော်မင်း) က ကျေးဇူးတင်စကား ပြောကြားသည်။

 

သတင်း-ဥမ္မာသန့်
ဓာတ်ပုံ-ဇော်မင်းလတ်၊ ရဲထွဋ်