တောင်ကုတ်  ၄ သြဂုတ်  

 

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင်ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တက်ရောက်ဖွင့်လှစ်ပေးသည်။ 

 

အခမ်းအနားတွင် ကျောင်းအဆင့်တိုးမြှင့်ခြင်း အထိမ်းအမှတ်မုခ်ဦးအား ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၊ ပြည်နယ်ဝန်ကြီးများနှင့် ကျောင်းအကျိုးတော်ဆောင် ဦးကျောက်တောင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ 

 

ယင်းနောက် ဖွင့်ပွဲအခမ်းအနားကို ကျောင်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်က ယနေ့ခေတ်သည် ပညာခေတ် ဖြစ်သဖြင့် မိမိတို့အတွက် ပညာရေးသည် အရေးအကြီးဆုံး ဖြစ်ပါကြောင်း၊ ပညာတတ်များပြားခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာအရေးကြီးသည့်အတွက် မိမိတို့နိုင်ငံတွင် ပညာတတ်များ ပေါများလာရန် ပညာအရည်အသွေး ထူးချွန်ထက်မြက်သည့် ကျောင်းသားကျောင်းသူများ များပြားလာရန် ဦးစားပေးပြီး ဆောင်ရွက်နေသည့် ကာလဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျောင်းများ  အဆင့်တိုးမြှင့်ရေးနှင့် ဆရာဆရာမများ တိုးမြှင့်ခန့်ထားနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းအနေဖြင့် ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်နိုင် သည်နှင့််အမျှ ယခင်နှစ်များထက် အောင်ချက်ရာခိုင်နှုန်း မြင့်မားလာအောင် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေး ကြရန်လိုကြောင်း ပြောကြားသည်။ 

 

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ပြည်နယ်ပညာရေးမှူး တို့က ပြည်နယ်၏ ပညာရည်မြင့်မားရေးနှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ကျောင်းအကျိုးတော်ဆောင် ဦးကျောက်တောင်က ကျောင်းအဆင့် တိုးမြှင့်ဖွင့်ပေးမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

 

တောင်ကုတ်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းကို ၁၉၈၁ ခုနှစ် ဇွန် ၂ ရက်တွင် မူလတန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် အခြေခံပညာအလယ်တန်းကျောင်း၊ ထို့နောက် အခြေခံပညာအထက်တန်း ကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ခဲ့ပြီး ၂၀၁၉ ခုနှစ် မေ ၂၃ ရက်တွင် အခြေခံပညာအထက်တန်းကျောင်း အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ 

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ကုတ်မြို့ ဂူတာရပ်ကွက်နှင့် ကံပိုင် ရပ်ကွက်အကြား ကံပိုင်ချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းအတွက် ထောက်ပံ့ ငွေကျပ် ၃၆ သိန်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ပေးအပ်သည်။

 

တင်မောင်လွင်၊ တင်ထွန်း(ပြန်/ဆက်) ဓာတ်ပုံ - ကံထွန်း