၄ သြဂုတ်
ညမအိပ်ခင်သွားတိုက်ရမယ်ဆိုတာကို အားလုံးသိထားပြီးဖြစ်ပေမယ့် လိုက်လုပ်တဲ့သူက သိပ်မများဘူးနော်။ တကယ်တော့ ဒီစည်းကမ်းက လူတိုင်းလိုက်နာသင့်တာပါ။ သိတော့ သိတယ် မလုပ်ဘူးဆိုတာက အပြစ်ပိုကြီးတယ်နော်။
သွားတိုက်သင့်တဲ့ အကြောင်းအရင်း
တစ်နေ့တာ စားလိုက်တဲ့အချိန်တိုင်းမှာ ခံတွင်းထဲမှာ စားကြွင်းစားကျန်တွေ ကျန်ခဲ့သလို ဘက်တီးရီးယားတွေကလည်း ပေါက်ဖွားရှင်သန်နေကြပါတယ်။ အစားစားလိုက်တိုင်း ခံတွင်းထဲမှာ ကျန်ခဲ့တဲ့ စားကြွင်းစာကျန်တွေက ခံတွင်းထဲမှာ အက်ဆစ်ပမာဏကို မြင့်တက်စေပြီး သွားကြွလွှောတွေကို ပျက်စီးစေနိုင် သလို သွားပိုးစားတာနဲ့ ခံတွင်းပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ခံတွင်းအနံ့ဆိုးဖြစ်တာနဲ့ သွားဖုံးသွေးယိုတာ၊ သွားချေးတွေတက်တာမျိုးတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။
သွားမတိုက်ဘဲ ညအိပ်မယ်
ညဘက်မှာ မုန့်တွေစား တီဗွီတွေကြည့်လုပ်ပြီးအိပ်ချင်တာနဲ့ သွားမတိုက်ဘဲ ဝင်အိပ်လိုက်တယ် ဆိုတာက ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြုအမူပါ။ တစ်နေကုန်စားထားသမျှကို တာဝန်ကျေကျေလုပ်ပေးထားတဲ့ သွားတွေကို ညမအိပ်ခင်တော့ သန့်စင်ဖို့လိုပါမယ်နော်။ ညအိပ်စက်ချိန်မှာ ခန္ဓာကိုယ်က ပြုပြင်စရာရှိတာတွေကို ပြုပြင်တာပါ။ ဒီလိုအနားယူပြုပြင်မှုတွေထဲမှာ သွားနဲ့ခံတွင်းလည်း ပါပါတယ်နော်။ ဒါကြောင့် ညဘက်အိပ်ချိန်မှာ သွားနဲ့ခံတွင်းလေးက သူတို့ရဲ့ ပြုပြင်ရေး လုပ်ငန်းစဉ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် ညမအိပ်ခင်လေးတော့ သွားတိုက်ပါနော်။
ဒီလိုမျိုး ညမအိပ်ခင် သွားတိုက်လိုက်တာက သွားကြားထဲက စားကြွင်းစာကျန်တွေကို ဖယ်ရှားလိုက်တာကြောင့် သွားပိုးစားတာ၊ ခံတွင်းနံ့ဆိုးဖြစ်တာနဲ့ သွားကြွလွှောထိခိုက်တာတွေကို ကာကွယ်ပြီးသားဖြစ်သွားမှာပါ။ သွားမှာ ကျောက်တည်တာကိုလည်း ထိထိရောက်ရောက် ကာကွယ်နိုင်မှာပါနော်။ သွားဖုံးပြဿနာလည်း ကင်းစေမယ် ဆိုတာ အသေအချာပါ။
ညအိပ်ရာမဝင်ခင် သွားတိုက်ဖို့ မမေ့သင့်တဲ့အကြောင်းအရင်းတွေ
ညမအိပ်ခင်သွားတိုက်တာလေးက ဘာမှထူးမသွားလောက်ပါဘူးလို့ ထင်နေစရာရှိပါတယ်။ တကယ်တော့ အကျိုးထူးတွေအများကြီးပါနော်။ ညအိပ်ရာမဝင်ခင် သွားတိုက်တာက
ခံတွင်းနံ့ကင်းစေတယ်
သွားနဲ့ခံတွင်းကို ကျန်းမာစေနိုင်တယ်
သွားတွေဖြူဖွေးကြံ့ခိုင်စေလို့ ပြုံးလိုက်တိုင်းလှနေစေနိုင်တယ်
ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေနိုင်တယ်
သွားဖုံးပြဿနာကင်းတယ်
နှလုံးရောဂါကာကွယ်ရာရောက်တယ်
ဆီးချိုရောဂါကာကွယ်ရာရောက်တယ်
အယ်လ်ဇိုင်းမားမဖြစ်အောင် ကာကွယ်ရာရောက်တယ်
လမစေ့ဘဲ ကလေးမွေးနိုင်ခြေနည်းစေတယ်
မျိုးအောင်နိုင်စွမ်းကို မြင့်တက်စေနိုင်တယ်
ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေကနေ ကာကွယ်နိုင်တယ်။
ဒီလိုမျိုး အကျိုးများတဲ့ သွားတိုက်မှုကို ဘာကြောင့်များ မတိုက်ဘဲနေမှာလဲ။ အခုပဲစပြီး ညဘက်သွားတိုက်တဲ့ အကျင့်မွေးမြူလို့ ရောဂါဆိုးတွေကို လက်ပြနှုတ်ဆက်လိုက်ပါနော်။
ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”